Skip to main content

20 Rivers in 20 Years အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်

• ချင်းတွင်းဘေးမှာလူဖြစ်၊ မူးမြစ်ကို တနှစ်မှာ ဆယ်ခါကျော်ဖြတ်၊ အရှေ့ရပ်က ဧရာဝတီဘေး၊ မန္တလေးမှာ ဆေးပညာသင်ခဲ့ရသည်။ 

• ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။

• မဏိပူရ (မြစ်သာ) မြစ်နဲ့ ကုလားတန် (ချင်သုပွေ) မြစ်တွေကို ကျော်ပြီးသကာလ၊ တရားခံပြေးဘဝ စခဲ့ရတာဟာ ကနေ့အထိပါ။

• ယမုန်နာမြစ်စီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊ မိသားစုထဲက စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို ဂင်္ဂါမြစ်ထဲမှာ မျှောလိုက်ရပါ။

• ဗြဟ္မပုတ္တရကို အခါခါကျော်ဖြတ်၊ နယ်စပ်ကိုခရီးထွက်၊ အသက်ရှင်နေသမျှ ဖြတ်ရတဲ့မြစ်အရေအတွက်၊ အစင်းနှစ်ဆယ်အထက်။

• သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံနားစွင့်ပြီး၊ ကရင့်နယ်မြေက အစည်းဝေးများ၊ ညီလာခံများ၊ ‘ကျောက်ဖယား’ မြစ်၊ ‘ရိုင်း’ မြစ်၊ ‘သိမ်း’ မြစ်၊ သူများနိုင်ငံကမြစ်များလဲ မရေတွက်နိုင်အား။

• ဒုဒုက္ကရစရိယာကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိ၊ 

• သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါ၏။ 

• ရေတို့မည်သည် မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းသည်ဟု ဖခင်ပြောစကား ကြားယောင်နေမိ၊ မြန်မာပြည်ကမြစ်တွေဆီ ပြန်ရောက်ရလိုပါ၏။ 

စာရေးထာတာ ၁၀ နှစ်တိတိက။ ၂၀၁၈ ခုနှစ်မှာ ဧရာဝတီ၊ ချင်းတွင်း၊ မူးမြစ်နဲ့ စစ်တောင်းမြစ်တွေဆီ တခေါက် ပြန်ရောက်ပါတယ်။ ကြားထဲမှာ အမည်ကို မစူးစမ်းအားတဲ့ မြစ်ကြီးမြစ်ငယ် အသစ်တွေတိုးတယ်။ မြစ်တွေကို ဖြတ်ကျော်ရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ