Skip to main content

တကွေ့ သံသရာ

အချစ်ပြုန်းပြီမို 

စစ်ရှုံးသူ ရင်နာနာနှင့် 

မြကန်သာ ရေညိုဘေးဆီက 

ငေးမှိုင်မိ တကိုယ်ယေ။ 

တဖက်ကမ်းဆီ၌

သမန်းရှည် ချုံနွယ်ရံတဲ့

ငုမောင်နှံ ပင်ပျိုလတ်ကယ်တို့

ရေကြေးမုံ ကန်အစပ်မှာ 

မားမတ်လို့နေ။

တပင်မှာ အရွက်အဖူးတွေနှင့်

ရှက်ကူး ဝေဝေဆာလိုက်ချည့် 

လေလာယင် ရွှေဝါပွင့်တွေက 

မြေပထဗျာ ကြွေကာ လွင့်ပါလို့ 

မာန်ဝင့် တမော်မော်လဲ 

တူတူဖေါ် ဟိုဖက်နားဆီက

ကျန်အပင် တဖက်သားမှာဖြင့်

မကြွားနိုင် အသာငြိမ်လှချည့်

ခပ်မှိန်မှိန် ရိုးတံကျဲမှာလ

ရွက်အိုတောင် ကြွေမစဲချေဘူ့

‌ကျေကွဲဘွယ့် သည်ဖြစ်ထွေငယ်

ဪ-လှစ်ဖွေမိ အမှန်တရား။

တကွေ့မှာခံ

တကွေ့ အသာစံတဲ့

လောကဓံ သည်လိုချည်းပေမို့

ငိုညည်း မပူပင်နှင့်တော့

သူကြဉ်ယင် မင်သူတွေ့ချေလိမ့် 

သရုပ်မှန် သည်ဓလေ့ကို 

အောက်မေ့ရတကား။ (ဗန်းမော် ညိုနွဲ့)

ငွေတာရီမဂ္ဂဇင်း (၁၉၆၂ မေလ)

Listener's Heaven Audiobooks - အသံစာအုပ်

တကိုယ်ရေကို တကိုယ်ယေလို့ ရေးထားတယ်။ မကြာခဏ တင်ပြပါတယ်။ သီချင်း၊ ကဗျာ၊ သတင်းခေါင်းစဉ်၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ အသံ၊ ကာရန်၊ အားအရ စံကိုက်သတ်ပုံမဟုတ်တာလည်း ရေးကြပါတယ်။ တစ်ကိုယ်ယေဆိုရင် မှားတယ်။ တစ်ပင်မှာ အရွက်အဖူးတွေနှင့်မှားတယ်။ 

တကွေ့ သံသရာသည် တစ်ကွေ့ သံသရာ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments