သတင်းမှားဖြင့်
ငါ့အား "၀မ်နင်" ပေးခဲ့သည်။
သင်္ကြန်သံချပ်၊ စပ်ရိုးမရှိ
ငါလည်းမသိ။
သင်္ကြန်မင်းသား၊ ငါကားမဟုတ်
လူအုပ်ကြားတွင်
လှောင်လား၊ ပြောင်လား၊ အကြောင်သားနှင့်
ငါကား သရုပ်မဆောင်တတ်။
တခါဖူးမျှ ၊ အရူးထ၍
တန်ခူးလမင်းသား၊ လုပ်စားခဲ့ဖူးခြင်း
အလျှင်းမရှိ။
သို့ပါသော်လည်း
အပျော်သင်္ကြန်၊ ပျော်ပွဲခံစဉ်
သံသေးသံကြောင်၊ သံချပ်လှောင်၍
ပွဲဆူအောင်လုပ်၊ အကြံထုတ်သတဲ့
ဟုတ်လိုက်ပလေ၊ အရှုပ်အမှိုက်ပွေခဲ့။
ငါမဟုတ်လည်း
ဟုတ်သလိုလို၊ စွဲချက်ဆို၍
ငါ့ကိုဖမ်းရန် ကြံရော့သလား။
သတင်းစာတွင်
အမနာပ၊ အပုပ်ချ၍
စာစ တတို၊ ကဗျာတို အများ
နေ့တိုင်း ရေးသားလျှက်။
ငါ့ကိုမူကား၊ သတင်းကြားဖြင့်
ဖမ်းလားဆီးလား၊ မတရားအမှု
ပြုချင်ပေသည်၊ ကြံကြသည်။
စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်
အခွင့်မရ၊ လုံး၀ပိတ်ဆို့
ငါတို့တိုင်းပြည်၊ စစ်တိုင်းပြည်ဟူ၍
ပြည်သူတိုင်းက၊ သိနေကြသည်
ကာလ အတန်ကြာခဲ့ပြီ။ ။
(တင်မိုး - ၁၊ ဧပြီ၊ ၁၉၉၉။ ကြာသပတေးနေ့ ညနေခင်း)
၃၁၊ ၃၊ ၁၉၉၉ ညနေ ၂း၀၀ နာရီမှာ ခရိုင်နှင့် မြို့နယ် ခရက နှင့် မရက တို့က သတိပေးခြင်းခံရသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment