အို … လှလိုက်တာ
ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ၊ လှ … လှ … သည်
ပထမပိတောက်ပွင့်စဉ်က။
“ဟော … ဟော … ပွင့်ပြီ”
ကျူးရင့်အော်ကြ၊ တံခါးဝမှ
လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး
ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ်
လုကောက် ကြွေသည့် ပွင့်များကို။
ငမ်းငမ်းတတ်၍
လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့်
လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို၊ သစ်ငုတ်တိုသာ
ဖရိုဖရဲ ကျန်ရစ်၏။
ငါ့စိတ်တွင်ကား
မေခင်နှမ၊ ဆံကေမြထက်
လှလှကလေး၊ ကိုယ်တိုင်ရွေး၍
ဆင်ပေး ထုံးချင်လှသောကြောင့်။
ကျိုးပဲ့နေသော
ပင်ခြေအောက်တည့်၊ ငါ ရပ်ကြည့်၍
ကြွင်းသည့်တပွင့်၊ ကောက်မည်လင့်သော်
“အို … ရှင့် … ကျွန်မ
ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန်” ဟု
လုပြန်အတင်း၊ ဆိုကာချဉ်းသော်
လက်ချင်းဆုံ၍ နေသတည်း။ ။ (ဒဂုန်တာရာ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment