ကြာရိပ်လှုံ သန္ဓေဖြစ်ကိုဖြင့်
မချစ်အောင် ကြံလို့မုန်းသော်လဲ
ဆံလုံးမြူ တမျှင်မျှ
တို့သခင် ညိုညိုညက်မှာ
မုန်းကွက် မမြင်။ ။
ထပ်တရာ ချွေလို့ညွှန်းပါတဲ့
ခွန်းရွှေနွဲ့ သစ္စာပင်ကို
နောင်ပြင်လို့ သစ်ပါဘူး။ ။
ခုအကြုံ
မှုမကုံ ကြာလေခက်မည်ကြောင့်
ရွှေမျက်နှာ ပြင်လို့သိမ်းတော့မယ်
စိန်းလို့ ဟုတ်ဘူး။ ။
တနေ့ တနေ့နှင့်
နေ့ရွေ့လို့ ရက်ကုန်၊
စောမိလျက် သူ့ပုံကို
စိတ်အာရုံ မကင်း။
တန့်စားလို့ ဆည်းဖြေသည်
အပွေပွေ ဘုန်း မယ့်ကြံရင်း။ ။
ကြုံခဲ့ဘူး သည်ခါလို
လူ့ရပ်ရွာ နေပျင်း၊
ရေတံခွန် ထွေထွေဆင်းလို့
ရန်ကင်း သည်တောင်ခြေ။
သစ်တပင် ခိုအောင်းလို့
တကိုယ်ကောင်း ထွက်ချင်ပေါ့မေ။ ။
သင်္ခါရ ဖြစ်ထွေကို
သစ်ခေါက်ရေ ဖန်ဆိုးနှင့်၊
တိတ်တိတ်ခိုး ကြံရွယ်ဆောင်
လေးခင်ခင့်မောင်…။
နိဗ္ဗိန္ဒ ညာကျွန်းသောင်ကို
ရောက်လွယ်အောင် ခဲမယ်ပလေး။ ။
တနေ့ တနေ့နှင့်
ကျွမ်းကျွမ်းသရွေ့ လောင်စာ၊
ဘယ်တော့မှ လူ့ရွာမှာ
ငြိမ်းပါမယ် မသိ။
ဖြစ်ပျက်ကို ဖွေရှာလျှင်
သည်ကမ္ဘာ ဆုံးစမရှိ။ ။
မောင်လေးမှာ မကြံနိုင်
သာမှိုင်ခါ ခွေမိ၊
သည့်ထက်သည် ပူမချိလို့
လူသိရင် ခက်လှတယ်။
အရိယာ သူတော်ကောင်းတို့
ကျင့်လမ်းကြောင်း ရှိပါရက်ကယ်။ ။
ပိတောက်ချောင် သေလာဝယ်
ထေရ်မေဓါ ရှင်မြတ်တို့၊
ဆည်းကပ်တဲ့ ရုက္ခမူ
တောရ ကျောက်ဂူ…။
မဂ်လမ်းကို ချွေချူလျှင်
သာလွယ်ကူ ရောက်ကြောင်းပါ့လေး။ ။
လွမ်းမှုနှင့် ကျွမ်းလုပေါ့
ထွန်းမေရု ဗဟို၊
လေးဆယ်ဆ ဆင့်ပို
ရွှေမြင့်မိုရ် အနန္တ။
သိန်းစက္က ကုဋေဝယ်
ဂင်္ဂါရေ သဲထုအမျှ။ ။
စိန္တေယျ လေးထွေငယ်
မေတ္တာရေ မက၊
လွမ်းကုန်ကုန် ဆိုရလျှင်
သောင်းလောက သင်္ချေ။
သုဘကိန် ဘုံအောက်
မိုးရေပေါက် မခ ပလေ။ ။
သုံးခေတ္တ နယ်မြေမှာ
သေလိုသေ ထားမယ်ပ၊
တပါးတဲ့ လဲ့ညိုညို
ထီးကြာရ်ပ်ခို…။
သည်လောက နယ်တခိုမှာ
မောင့်ကံအို ခေတုန်းမို့လေး။ ။ (ရှေးဆရာ)
ရှေးစာကဗျာများ ကျေးဇူး။
ရွှေသဇင် (ဘုန်းနှင့်ကံနှင့်ရွှေသဇင်) ခင်ညွန့်ရည် https://www.youtube.com/watch?v=l-pMzzq8cjA
ဒေါက်တာတင့်ဆွေ

Comments
Post a Comment