ကျွန်တော် ပဌမဆုံး ဆယ်ပတ်ရစ် ဂျစ်ကားလေးဝယ်တော့ မုံရွာက ကားပိုင်ရှင်က တရားစာတွေရွတ်ဖတ်ပေးပြီး လက်လွှဲပေးတာကို သတိရတယ်။ ၅၂၀၀၀ ကျပ်ပေးရတယ်။ တိုက်နယ်ဆရာဝန်အဖြစ် ၃ နှစ်လောက်ငွေစုတာ မလောက်လို့ ချေးငှားရသေးတယ်။
မြို့သာ-ငါန်းဇွန်-မန္တလေး-မုံရွာ-ဘုတလင် ပြဲပြဲစင်။ ပုဂံလည်းရောက်တယ်။ ဆရာဝန်သူငယ်ချင်းတယောက်က မှတ်ချက်ချတယ်။ မင်းတို့မုံရွာသားတွေမှာ ထူးခြားချက် ၂ ခုရှိတယ်။ ကားအမြန်မောင်းတာနဲ့ ဈေးအလွန်ဝယ်တာတဲ့။ ဒေါက်တာဌေးလှိုင် (ကွယ်လွန်) နဲ့ ကျွန်တော့ကို ကြည့်ပြောတာ။
ဈေးချိုကနေ ဆေးမှောင်ခို ခဏခဏဝယ်ရတယ်။ ကလေးတွေများတော့ ကလေးဝတ်တွေနဲ့ ကြိမ်ပုခက်လည်း ဝယ်တာဘဲ။ ဆရာဝန်ကတော်အတွက်ကတော့ ဈေးချို ဦးကြည်ဆိုင်မှာ အချုပ်အပ်ရတယ်။ ဝ/သ (မန်း) ကျောင်းသူကတည်းက အဲဒီမှာချုပ်တာ။
အဲဒီခေတ်မှာ ဂျစ်ကားစီးသူမှန်သမျှ ဆီပျောက်-မီးပျောက်တတ်ရတယ်။ ဂေါက်လှည့် စက်နှိုးတတ်ရတယ်။ လက်ကို ပြန်ရိုက်ခံရတာ အခါခါ။ ဓါတ်ဆီကတော့ ကျေးဇူးကြီးလှတဲ့ မှောင်ခို။ အစိုးရဆရာဝန် ၁၅ နှစ် လုပ်ခဲ့တာ ဆေးရုံသုံးကား တစီးမှ မရှိပါ။
အခုလောက်ဆို အဲဒီ ဂ/၂၀၆၅ ဂျစ်ကားလေး စိန်ပန်းမှာ သံရေကျိုပြီးလောက်ပြီထင်တယ်။ ရှာရတဲ့ပုံသာ တင်မယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment