Skip to main content

ဆူးချုံကြားကဖူးငုံများ

ဆူးချုံထက်က

ဖူးငုံလျက် ပွင့်သောပန်းကလေးငဲ့။

ထူးထူးခြားခြား

ဆူးကြားထဲက ပွင့်လာသည်။

မောအောင်သွားရ

တောခေါင်ဖျားက ပွင့်လာသည်။

အရောက်ခက်စွ

ကျောက်ထက်ပေါ်က ပွင့်လာသည်။

ခူးသူပန်သူ၊ မြတ်နိုးသူဟု

“သူ”တွေရှိမရှိ၊ `သူမသိ

ပကတိပွင့်လျက်နေလေသည်။

သူ့ အလှကို၊ ချီးမွမ်းဆို၍

ပန်လိုသူများ၊ ပန်လို့သွားစေ-

ဆိတ်ဆွဒဏ်ပြင်း၊ ထင်တိုင်းညှဉ်း၍

နင်းလိုသူများ၊ နင်းလို့သွားစေ

သူကားအသင့်၊ ပွင့်မြဲပွင့်ပါသည်။

ပန်နိုးနိုးနှင့်

အကျိုးမမျှော်တတ်။

ခြေပြင်းပြင်းနှင့်

နင်းလိမ့်တကား

လားလားမကြောက်တတ်။

သူ့ အလိုအလျောက်သာ

ရောက်ရာအရပ်၊ တတ်ရာပညာ

စေတနာဖြင့်

သူ့ ခါရောက်တိုင်း ပွင့်မြဲတည်း။ (တင်မိုး)

ဒဂုန်မဂ္ဂဇင်း၊ ၁၉၈၅ ဧပြီ။

Listener's Heaven Audiobooks

ဒေါက်တာတင့်ဆွေ

Comments