တရံခါ၌၊ သန္တာရိုးတံ၊ မင်းစံရွှေပွင့်၊ ကိုးဆင့်နဝရတ်၊ ဘုံပြာဿဒ်ကဲ့သို့။ တမွတ်စွင့်စွင့်၊ ပင်လုံးကျွတ်ပွင့်သော၊ အင်ကြင်းပင်ပျို၊ မြရွက်ညို၌၊ ရိပ်ခိုရပ်တဲ။ ယုယနွှဲ၍၊ မြိုင်ပွဲယင်တော်မူသတည်း။ ။
ထိုအခါ၊ လကျ်ာတော်လေအောက်က၊ မဟာသုဘဒ္ဒါ မိဘုရား၊ လက်ဝဲတော် လေညာက၊ စူဠသုဘဒ္ဒါမိဘုရား၊ နာဂီမယ်နှစ်ပါးတို့လည်း၊ ခစားလျက်ပါသတည်း။ ။ အလောင်းတော် ဆင်မင်းလည်း၊ အင်ကြင်းပန်းပင်ကို၊ ငွေစင်မကိုဋ်ဦးဖြင့်၊ ဝှေ့ခိုက်၍၊ ဖြိုက်ဖြိုက်ချချွေ၊ ရွှေနီဖလံ၊ ဝတ်ဆံဝတ်မှုံ၊ အထုံအခိုး၊ ဝန်းကျင်ဖြိုးမျှ၊ ပန်းမိုဃ်းရွာစေတော်မူသတည်း။ … ။ ထိုအခါ စူဠသုဘဒ္ဒါ မိဘုရား၏ ကိုယ်ထက်၌၊ သစ်ခြောက်သစ်ခက်၊ ပရွက်ခြပုပ်၊ ခါချဉ်ထုပ်တို့သည်၊ လှုပ်တိုင်းကြွေကျကုန်၏၊ မဟာသုဘဒ္ဒါမိဘုရား၏ ကိုယ်ပေါ်၌ကား၊ ပုံကြီးနံလျား၊ ရွှေမျက်ပါးကို၊ တပြားစီလွှာ၍ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုံတို့သည်၊ စုပုံကြွေကျလေသတည်း။ ။
ထိုအခြင်းအရာကို၊ စူဠသုဘဒ္ဒါမိဘုရားမြင်လျှင်၊ ဤဆင်မင်းကား၊ ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံး သက်ခဲ့ပြီ၊ ငါ့ကိုမခင်၊ မကြင်ရုံမျှ၊ မကပလေ၊ အသရေပျက်၊ သစ်ခက်သစ်ခြောက်၊ ပိုးလောက်ချွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ သည်ခန္ဓာမြဲမည်လား၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည်မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး၊ ရှက်အားကိုးနှင့်၊ ရန်ငြိုးဘွဲ့မိမှားသတည်း။ ။
တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊ ဝင်းဝင်းနီလျှပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ ပဒုမာဇာတ်၊ သတ္တုပ္ပလ၊ ကြာမုံရွကို၊ ရသောအခါ၊ ဝတ်ညှာဝတ်ဆံကို၊ နှာတံဖြင့် သယ်ပြီးလျှင်၊ ထိပ်လယ်ဦးကင်း၌၊ လေညှင်းမှုတ်ဖျန်းလျက်၊ ကြာပန်းဖြန့်ကြဲတော်မူသတည်း။ ။
ထိုအခါ အကြွင်းဖြစ်သော ကြာပန်းရတနာတို့ကိုလည်း၊ လက်ျာတော်နေ၊ ကြင်ဆွေမဟာ၊ သုဘဒ္ဒါကိုသာ၊ မေတ္တာရှေးရှေး၊ ပေးမိတော်မူသတည်း။ ။ စူဠသုဘဒ္ဒါမိဘုရားမှာ၊ အသနားတော်မခံရ၊ ထိုကာလ၌၊လည်း၊ ဒုတိယရန်ငြိုးတချက် ဘွဲ့လေသည်။ ။
မြန်မာစာလည်း အစွယ်တော် ဖြတ်ခံထားရရှာတယ်။ ဝမ်းနည်းသူ မရှိ။ နုတ္တရမူဆိုး (သောနုတ္တိရ်၊ သောနုတ္တရ) နောက်လိုက်တွေ များလွန်းလှပေသည်။
ဆဒ္ဒန်ဆင်မင်းဝတ္ထု (စလေဦးပုည) https://yepyaesone.medium.com/%E1%80%86%E1%80%92%E1%80%B9%E1%80%92%E1%80%94%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9D%E1%80%90%E1%80%B9%E1%80%91%E1%80%AF-87cdd4692e5c
ဒေါက်တာတင့်ဆွေ

Comments
Post a Comment