Skip to main content

Summer holiday နွေကျောင်းပိတ် အတိတ်သတိရ

ဆင်ကြယ်ဖိနပ်စာလေးတွေအတွက် မှတ်ချက်တွေလာတယ်။ ကျေးဇူး။ ၃-၄ ယောက်ကိုတော့ ရိုင်းစိုင်းပြီး ပညာသုတ ညံ့ထုံသူတွေဖြစ်လို့ ဘလော့လိုက်ရတယ်။
ကွန်တော် အလယ်တန်း၊ အထက်တန်းကျောင်းသားဝမှာ ဆင်ကြယ်မပေါ်သေးပါ။ ဘယ်လိုဖိနပ် စီးခဲ့သလဲ။ လွန်ခဲတဲ့ ၁၃ နှစ်ကရေးထားတဲ့ စာလေးထဲမှာ ရေးထားတယ်။
"နွေကျောင်းပိတ် အတိတ်သတိရ"
ကျောင်းလွယ်လွယ်အိတ်ထဲက စာအုပ်တွေထုတ်၊
မစုတ်သေးတဲ့ ပုဆိုးနဲ့အင်္ကျီ နှစ်ထည်စီထည့်၊
ဘောင်းဘီတိုလည်း နှစ်ထည်၊ စွပ်ကျယ် မလို၊
ရွာကိုအလည်ပြန်မှာ သွားတိုက်တံနဲ့ ဘိုကေဖြီးဘို့ ဘီးမလို၊
ဆင်ကြယ်ဖိနပ်၊ ရာဘာဖိနပ်တွေ မပေါ်သေးတဲ့ကာလ အမေက ခုံဖိနပ်တို အိမ်မှာထား၊ တာယာဖိနပ် စီးသွားတဲ့။
ထွက်မဲ့ကားမီအောင် အသော့နှင် ခြေလျင်နဲ့ မြစ်ဆိပ်ဆင်း၊
သူငယ်ချင်းတွေ မေးငေါ့၊ ငါတော့ ရွာအလည်သွားမယ်ပေါ့။
ချင်းတွင်းမြစ်ကြီး ကူးတို့စီးပြီး ညောင်ပင်ကြီးဘက်ကူး၊
ကားမူးတတ်ပေမဲ့ ကားမူးပျောက်ဆေးဆိုတာ မသိသေး၊
ချွေးထွက် ဖုန်ထူလို့ လူကိုဘာဖြစ်သလဲ မဖတ်ရသေး၊
သွေးဆိုတာ နီတာကလွဲရင် မသင်ရသေး။
ယာဉ် ၃ တန်၊ ကုန် ၃ တန်၊
စစ်ကျန် ချက်ပလက်ကား၊ ပုလဲသွားဘို့ လူခေါ်ချေပြီ။
နေပူရင် ကုက္ကိုပင်အောက်ခို၊ ဟိုဟိုသည်သည်သွား ကြည့်စရာမရှား၊
ဟိုရွာသား သည်ရွာသား၊ စကားပြောတာနားထောင်၊ အမောင်ကျောင်းသား ပညာသုတပွါး။
မော်တော်တခါဆိုက် ခရီးသည်တသိုက်တိုး၊ ကုန်တွေကလည်း အမျိုးမျိုး၊
ပိုးထည်မပါ၊ ဇာဘော်လီ မတတ်နိုင်၊ နိုင်လွန် ခပ်ရှားရှား၊
အဝတ်အစား ပါးတာမသုံး၊ တုံးတယ်လို့အပြောခံရတဲ့ မြစ်အနောက်ဖက်သား။
လက်ဖက်စို၊ လက်ဖက်ခြောက်၊ သောက်စရာဆေးလိပ် တံဆိပ်ကမျိုးစုံ၊
ငါးခြောက်၊ မီးခြစ်ကျောက်၊ ဆေးတံသောက်ဆေး၊ ဗမာဆေး၊
ကလေးသွားရည်စာ၊ ဘုန်းကြီးကန်တော့စရာ၊ ကရေကရာ၊ ကြံသကာ၊
နေကြာစေ့လှော်မပါ၊ ကိုလာ မရှိ၊ ဂျန့်ဖုဒ် မသိ။
ထယ်သွား၊ ပေါက်ပြား၊ ဒါး၊
နွားဖါးကြိုး၊ ပြောင်းဖူးဖက်ဆေးလိပ် ချည်ရတဲ့အနီရောင်ကြိုး၊ 
ပုဆိုးချောနဲ့ ပေါ်ပလင်၊ လူမြင်နေရာဝတ်စရာ သရက်ထည်လည်းပါ။
နှစ်နာရီစောင့်အပြီး ကားကြီးပေါ်လူစုံ ကုန်ပြည့်၊ တရွေ့ရွေ့ထွက်၊
ကားလက်မှတ် မခက်၊ ဆယ်နှစ်နေရင် ဆေးကျောင်းတက်မဲ့သူ ဆန်အိပ်ပေါ်တက်၊
နောင်နှစ်သုံးဆယ်တွက်စစ်၊ အမတ်ဖြစ်မယ်သာသိရင်တော့ ခေါင်းခန်းကပေါ့။
တိုင်ကီရေဆူသလား ကားနား၊ ကြားရွာဆင်းမဲ့လူရှိရင် ကားရပ်၊
မတ်တတ်သစ်ပင် ရေချမ်းစင်မှာ ဆာဆာနဲ့သောက်ရ၊ လွန်အေးမြ၊
ရေကတဆင့်ကူးစက်ရောဂါ မပေါလှသေးတဲ့ကာလ။
နှစ်ဆယ့်ရှစ်မိုင်ခရီး၊ သုံးနာရီစီးပြီး ခရီးဆုံးရောက်၊
အနောက်မှာ နေဝင်ပြီ၊ ရေနံဆီမီးခွက်အလင်းနဲ့ ကားပေါ်ကဆင်း။
ရွာကလာကြိုတဲ့လှည်း မှောင်မည်းမည်းမှာရှာ၊
ဗိုက်ဆာလို့လည်း ပုလဲမြို့မှာ ဘာဆိုင်မှမရှိ၊
သိတဲ့အမေ ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးထက် မြိန်ရှက်တဲ့အစာ ငါ့ကမ္ဘာမှာမရှိ။
တအိအိနဲ့လှည်း မှောင်ထဲမှာ နွားဆွဲရာလိုက်ပါ၊
သုံးတိုင် ခေါ် ခြောက်မိုင်အကွာက မွေးရပ်မြေမင်းရွာသည်ကား ငါ၏နွေရာသီစံနန်းဖြစ်တော့သတည်း။
(နယူးဒေလီမှာ နေခဲ့ရစဉ်က ရေးပါတယ်။ စာကိုသာကြိုးစား၍ လိမ်မာရေးခြားရှိသေးတဲ့အရွယ်မှာ ‘စာဥ’ မပါ၊ ရွာမှာလဲ ‘ထွေးညို’ မရှိသေးပါ။)
ပုံ = မုံရွာ တဖက်ကမ်း ညောင်ပင်ကြီး ကူတို့ဆိပ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ