=> တေးရိုး (ငယ်/ကြီး) ဟူသည် တေးထပ်၏ ပထမ-တည်ပိုဒ်ကို (နောက်ဆုံးစာကြောင်း) ကွန့်ထားခြင်းသာ ဖြစ်သည်။
=> တေးရိုးငယ်-
တေးထပ်ရိုး၏ အစ တည်ပိုဒ် (တက်၊ ခံ၊ အုပ် ၆~ပါဒ) တွင် ခံပိုဒ်မှ (၉၊၁၀~ပါဒ) နှင့် တေးထပ်၏နောက်ဆုံး (၁၇၊၁၈~ပါဒ) တို့ကို ပေါင်းရေးထားခြင်းဖြင့် တေးရိုးငယ် ဖြစ်လာသည်။
တနည်းကား တေးရိုးငယ်ကို ထပ်ကွန့်ကာ တေးထပ် ဖြစ်လာခြင်း ဖြစ်သည်။
တေးရိုးငယ် = ၁၀ ပါဒ
တေးရိုးကြီး = ၁၂ ပါဒ
တေးထပ် = ၁၈ ပါဒ
တေးရိုးငယ်ကို ဆရာတော်ဦးဗုဓ် အစထွင်ရေးသည်ဟု ဆိုကြသည်။ (ဆရာတော်သာ ရေးသည်လည်း ဟူ၏။)
မနှုန်းတန် စိန္တေယျမို့၊
အနန္တ ဘုန်းတော်ဂုဏ်၊
မြှောက်ဝှဲချီး အံ့မကုန်သည်၊
မြေဝသုန် တုနှိုင်း။
သမ္ဖညု ထွတ်ဘုန်းစည်ကို၊
ငါဇာနည် ဦးညွှတ်လို့ကိုင်း။ ။
စောမြတ်စွာ ထွတ်ရှိုင်းသည့်၊
မနှိုင်းတန့် တရားတော်၊
ဂိုဏ်းရှစ်တို့ သံဃာတော်ကို၊
ရှိပူဇော် ဦးတင်၏လေး။ ။ (ဆရာတော်ဦးဗုဓ်)
=> တေးရိုးကြီး-
တေးရိုးငယ်တွင် အောက်နှစ်ပိုဒ်ကို လေးပိုဒ်ဖြစ်အောင် (နှစ်ပါဒ) ထပ်ကွန့်လျှင် တေးရိုးကြီး ဖြစ်လေသည်။
တေးရိုးကြီး ဥပမာ- တန်ခူးလဘွဲ့ -
တန်ခူး ဂိမှာမှ၊
ဓာတ်တေဇ ယှဉ်မှီ၊
ခါမိဿ အချိန်ညီ၊
သာဝဏီ နက္ခတ်။
စိတ္တာရ မည်မကွာသည်၊
တာရာမှာ ကေဝဋ္ဋမှတ်။ ။
ပန်းကံ့ကော် ရင်ခတ်တို့
ပွင့်ချပ်တဲ့ စုံလင်၊
သင်းရနံ့ ပျံ့ရွှင်
ရေသဘင် ပွဲလမ်း။ ။
ထိနိ့ရိုက်ဆင့် ကျူးကျော်တယ်။
သင်္ကြန်တော် ကြူးရင့်သည့်တမ်း။ ။ (အမည်မသိရှေးစာဆို)
=> တေးရိုးငယ် အဆုံးကို `လေး' ဟု ချသော်လည်း `တေးရိုးကြီး' တွင် အထက် သံပြင်းအတိုင်း (လမ်း-တမ်း) ခွာထောက်ယူသည်။ (အများအားဖြင့်သာ။)
=> တေးထပ်ကို သိလျှင် တေးရိုးကို သိပြီးဖြစ်၏။
ထို့ကြောင့်… ရေးတင်ပြီး အခြေခံ ကဗျာရေးနည်း (၁၉)မှ တေးရိုးငယ်/ကြီး ဖြစ်လာပုံ ယှဉ်တွဲလေ့လာဖို့-
(တေးထပ် စပ်နည်း)
=> အခြေခံ ကဗျာစပ်နည်း အစဉ်အရ သုံးသပ်ချက်-
တေးထပ်စပ်နည်းဟူသည် တြိချိုးကို အခြေခံထားသည့် စပ်နည်းဖြစ်ပါသည်။
(တချိုးလျှင် နှစ်ပါဒစီပါသော- တက်ချိုး၊ ခံချိုး၊ အုပ်ချိုး) အချိုးငယ် သုံးချိုးစီပါသော ပိုဒ်ငယ်သုံးပိုဒ် (၁၈ ပါဒ) ပါသည်။
ထို့ကြောင့် အခြေခံအားဖြင့် ဒွေးချိုးမှ တြိချိုးဖြစ်လာပုံကို သိထားရပါမည်။
တေးထပ်၏ ပ-ပိုဒ်ငယ်မှ ဒု-ချိုး (ခံချိုး)နှင့် တ-ချိုး (အုပ်ချိုး)သည် နှစ်ဆစ် ဒွေးချိုး ဖြစ်သည်။
ပ-ချိုး (တက်ချိုး) ပေါင်းခြင်းဖြင့် ဒွေးချိုးပေါ် တထပ်တိုး၍ တြိချိုး ဖြစ်လာသည့် သဘော ဖြစ်သည်။
ဤနည်းဖြင့် တေးထပ်၏ အစ တည်ပိုဒ်ဖြစ်သော ပထမ-ပိုဒ်ငယ်တပိုဒ် ဖြစ်လာသည်။
=> ယခင်အခန်းက တြိချိုးကို ဥပမာယူကြပါစို့-
တပိုဒ်ပဲ
တင်မြဲ အထက်ဆီ
တြိချိုး ပြောင်းမည်။ ။
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။ (တြိချိုး ဖြစ်၏။)
-> ၎င်းတြိချိုးကို အတ္ထာ/သဒ္ဒါလင်္ကာရ ချဲ့သော်-
တပိုဒ်သာ ထက်တင်မြဲ၊
တချိုးကဲ တြိပြောင်းမည်၊
ရှေးစာမျိုး ထုံးဟောင်းမှီ၊
ကုံးကာသီ နှစ်ပိုဒ်ဆစ်။
ဒွေးချိုးစ ရေးလွယ်အောင်၊
ကြွယ်ခါနောင် ထွန်းပြောင်ကျစ်လစ်။ ။
ခွါထောက်ကာရန် နှစ်ခုပါ တြိချိုးဆန်သော တေးထပ်၏ အစတည်ပိုဒ် (တက်၊ ခံ၊ အုပ်ချိုး) ဖြစ်လာသည်။
=> အထက် တြိချိုးကို အခြေခံထားပြီး
အောက်ဆုံး တတိယချိုးကို ထပ်ကွန့်လျှင် တေးထပ်၏ စတုတ္ထချိုး ဖြစ်လာလေသည်။
စတု-ချိုး တေးထပ်စာ၊
တတိယာ ကွန့်ကာဖြစ်။
-> ကျန်အချိုးများကား နဘေစပ်နည်းများဖြင့် အသံနိမ့်မြင့် ပြောင်းကာစပ်ခြင်း ဖြစ်လေသည်။
စတု-ချိုး၏ နောက်ထက်ဝက်ကို ထပ်ကွန့်က ပဉ္စမချိုး၏ ရှေ့ထက်ဝက် တပါဒ ရသည်။
ထို စတု-ချိုး လေပြင်းကာရန်ကိုထပ်ယူပြီး အသံပြန်ချလျှင် လေလျော့ကျသံ ဆုံးသော ပဉ္စမချိုး၏ နောက်ထက်ဝက် ရသည်။
ထိုပဉ္စမချိုးကို ကွန့်လျှင် ဆဋ္ဌမချိုး ရသည်။
ဒုပိုဒ်၏ (တက် ခံ အုပ်)ဖြစ်လာကာ ၆-ချိုးစုံ ဖြစ်တော့သည်။
=> တ-ပိုဒ်ငယ်၏ အထက်နှစ်ချိုးကား ဆဋ္ဌမအချိုးကို နဘေစပ် အပြန်အလှန် ဆက်ရေးရုံသာ။
အောက်ဆုံး အချိုးကား သံချပ်ကဲ့သို့ နိမ့်သံတချက် ကြားခံကာ သံပြင်း `လေး' ဖြင့်အဆုံးသတ်ရေးသည်။
https://m.facebook.com/story.php?story_fbid=2183407425022519&id=1877881868908411
=> အထက်က စာကို တေးရိုးငယ် ဖြစ်အောင် ရေးသော်-
တပိုဒ်သာ ထက်တင်မြဲ၊
တချိုးကံ တြိပြောင်းမည်၊
ရှေးစာမျိုး ထုံးဟောင်းမှီ၊
ကုံးကာသီ နှစ်ပိုဒ်ဆစ်။
ဒွေးချိုးစ ရေးလွယ်အောင်၊
ကြွယ်ခါနောင် ထွန်းပြောင်ကျစ်လစ်။ ။
(စတု-ချိုး တေးထပ်စာ၊ တတိယာ ကွန့်ကာဖြစ်၊) <- ၎င်းကို ကျော်မည်။
တေးရိုးငယ် တမျိုးဆစ်၊
ရေးဖွဲ့လှစ် စာကြောင်းမှာ။
တေးရိုးငယ် လေးပါဒါသာ
ခြောက်ပါဒါ တေးရိုးကြီးလေး။ ။
(တေးရိုးငယ် ဖြစ်တော့၏။)
လေးချိုး၊ တြိချိုး၊ တေးရိုးတို့နှင့် တေးထပ်အစပ်ကို လေ့လာရန် (#အချိုးရော) ဥပမာ ကဗျာတချို့-
(ပါဒများကို တေးထပ်ပုံစံ စီသည်။)
=> ပဉ္စစတ္တာလီသ ပုစ္ဆာဝိသဇ္ဇနာ-
အမေး။ ။ မင်းကွန်းအလယ်တောရဆရာတော်။
အဖြေ။ ။ မန်လည်ဆရာတော်။
(၃)
ဂေါတမ ရှင်တော်ပွဲ
ယာဝဲတဲ့ စံပျော်၊
ထေရ်အဂ္ဂ နှစ်ဘော်ငယ်
သက်တော်လေ ဘယ်ခု
ဘယ်ချိန်ရွယ် အာယုမှ။ <- (တွန့်)
သဗ္ဗညု ထံတော်သာ
ရဟန်းပြု ရှာ။ ။
ဘိက္ခုတို့ သိက္ခာငယ်၊
ဘယ်နှစ်ဝါ လေသိ၊
နေ့ရက်လ ကောဇာ၊
ဘယ်ချိန်ခါ တိုင်ဘိမှ။
မြတ်ခေါင်ထိ ရွှေပြည်မွန်၊
မြန်းကြွ ဆုံးစွန်…။
မိန့်စမ်းပါ့ ဘုန်းဝှန်ငယ်၊
ဂုဏ်တံခွန် စိုက်ပါလိမ့်လေး။ ။
=> အဖြေ-
တို့စိန္တေ ရှင်တော်ပွဲ၊
ယာဝဲတဲ့ နှစ်ဘော်၊
ထေရ်အဂ္ဂ အကျော်ငယ်၊
မြတ်မယ်တော် နှစ်ပါး။
သန္ဓေရလို့ ဆယ်လလွယ်သည်၊
ခု နှစ်ဆယ် ကိုးခုနှစ်ဖွား။ ။
သက်တော်ရွယ် အစိတ်မှ
ရွှေတောင်ထိပ် သဘင်မျှော်တွင်၊
သံဝေတော် ရငြား၊ <- (တွန့်)
လူ့ဘောင်ကို ရှောင်ရှားလို့၊
ထွက်သွားကြ စုံအတူ။
လပြာသို ကွယ်သည့်နေ့မှာလ၊
မြတ်ဘုန်းဟေ့ ဧဟိခေါ်ယူ။ ။
လေးဆယ်က လေးဝါပြူဝယ်
ပေါင်းတော်မူ အာယုတဲ့။
တခုယုတ် ခုနှစ်ဆယ်ခွင်တွင်၊
မြန်းကြွဆုံးခွင်…။
နုမာန နည်းထင်တယ်၊
ကျမ်းဂန်တွင် ထောက်ထားလို့လေး။ ။
၄။ အမေး-
တို့ထိပ်တင် သုံးလူ့မှူးတွင်
လေးဦးတဲ့ သာဝကာ၊
သိန်းကပ်နေ သင်္ချေလုံးကို
သိမ်းကျုံး၍ မြင်ကြကုန်ပါ။
ပုဗ္ဗေသ နိဝါငယ်
ဂုဏ်တေဇာ ပြောင်ရွှန်း။ ။
ဧတဒဂ် ကိုယ်စီ
မဟေသီ ဟောမိန့်ရွှေခွန်း၊ <- (လေးချိုး)
ကျမ်းဂန်နှင့် မယွန်းအောင်
ပြညွှန်းပါ့ ရွှေကိုယ်
ထွန်းလ နေလို…။
ထေရ်လေးဦး ပုဂ္ဂိုလ်ကို
မြတ်ဘုန်းမို သိတန်ငဲ့လေး။ ။
=> အဖြေ-
တို့ထိပ်တင် သုံးလူ့မှူးတွင်
လေးဦးတဲ့ သာဝကာ
သိန်းကပ်နေ သင်္ချေလုံး၊
သိမ်းကျုံး၍ မြင်ကြကုန်ပါ။
ပုဗ္ဗေသ နိဝါငယ်
ဂုဏ်တေဇာ ပြောင်ရွှန်း။ ။
ဧတဒဂ် ကိုယ်စီ၊
မဟေသီ ဟောမိန့် ရွှေခွန်း၊ <- (လေးချိုး)
ကျမ်းဂန်နှင့် မယွန်းအောင်
ပြညွှန်းပိမ့် ရွှေကိုယ်
နားစိမ့်လို့ချို…။
ယာဝဲရံ စုံနှစ်ခုနှင့်
ထေရ်ဗာကု ရှင်ယသော်ဆိုတယ်
မြတ်ဘုန်းမို သိပါငဲ့လေး။ ။
၃၃-
မြခုံလောက် သုံးသွယ်ကြားမှာ
ဖြစ်ပွားသည့် ဌာနီ
အာယုဇ္ဇ ပူရီငယ်
နတ်ခြောက်လီ အတွင်း။
မယာရာဌ် ဝတိံသာတွင်
ဘယ်ပုံမှာ ရေတွက်လို့ခင်း။ ။
ထိုဘုံနေ နတ်ခပင်းတို့
ရှည်ကြခြင်း အသက်ကို၊
ဘယ်မျှ ဟုဆို။
ကျမ်းဂန်ရှိ အလိုငယ်၊
ဖြေဆိုရန် ညှိနိုင်းပါ့လေး။ ။
ဖြေ-
မြခုံလောက် သုံးသွယ်ကြား
ဖြစ်ပွားသည့် ဌာနီ
အယုဇ္ဇ ပူရီငယ်
နတ်ခြောက်လီ အတွင်း။
မဟာရာဇ် ဝတိန်သာတွင်
ဝတိန်မှာ ရေတွက်၍သွင်း။ ။
ထိုဘုံနေ နတ်ခပင်းတို့
ရှည်ကြခြင်း အသက်ကို
တထောင်ဟုဆို…။
ကျမ်းဂန်ရှိ အလိုငယ်
ဖြေဆိုရန် သည်တိုင်းပါ့လေး။ ။
၃၄-
ဤကမ္ဘာ ဘဒ္ဒာမှ
ဖြစ်ဖူးကြ ကုန်သည်
ဝိသောသ ထူးလည်ငယ်
ဘွဲ့အမည် ထင်ရှား။
မဟာပါပ လေးတန်ကို
ကျမ်းဂန်တွင် ဘယ်သို့မြွက်ကြား။ ။
မင်္ဂလာ တရားမှာ
ဟောကြားသည့် ပါပါ။
ထင်လွဲတတ်စွာ။ <- ကွန့်
ပြညွှန်းပါ့ သေချာငယ်
ကျမ်းဂန်လာ ရှိတိုင်းပါ့လေး။ ။
ဖြေ-
ဤကမ္ဘာ ဘဒ္ဒမှာ၊
ဖြစ်ဖူးကြ ကုန်သည်၊
ဝိသေသ ထူးလည်ငယ်၊
ဘွဲ့အမည် ထင်ရှား။
ပါပကြီး လေးတန်ကို၊
ကျမ်းဂန်တွင် ခွဲ၍ ရှိသား။ ။
မင်္ဂလာ တရားမှာ၊
ဟောကြားတဲ့ ပါပါ၊
ဘူလွဲလိမ့် အကွာ။
ကမ္ဘာဦး ကာလက
စေတီယ ယုတ်မာ
ဆိုမုသာ တပါး
ကောကာလိ အလားဖြင့်
ပြစ်မှားတဲ့ အရိယုပဝါဒီ။
နွားပျောက်ရှာ ပုဏ္ဏားသွမ်းလိုပဲ
ခင်ပွန်းပျက် မိတ္တဒုဗ္ဘီ။ ။
ဒေဝဒတ်ကဲ့သို့ မာန်ကပ်ဖီတယ်၊
အကတညူ(ညီ) တထူးသာပ
ကျေးဇူး မသိတတ်ရှာ
ကြီးတဲ့ ပါပါ…။
ဟုတ်ဘူးလား့ ဆွေမဟာငယ်၊
ကျမ်းရွှေစာ လာတိုင်းပါ့လေး။ ။
၃၅-
တပါးဌာန် ဘုံဘဝ
လေးသစ္စ သိမြှော်
အရိယ ပုဂ္ဂိုလ်ကျော်ငယ်
ဘုံလေးဘော် တွက်ကျုံး။
အရူပ ရပ်ခွင်မှာ
ဘယ်ကြောင်းအင် ဖြစ်ကြသတုံး။ ။
များသူငါ အားလုံးတို့
ဖြစ်ရှုံးသည့် ရပ်ခွင် (လွတ်ဆုပန်ဆင်)။
မြွက်ကြားပါ့ ထင်ထင်ငယ်
ဆရာရှင် သိတိုင်းပါ့လေး။ ။
ဖြေ-
မဂ်မရ အက္ခဏတန်
လေးနံမြို့ ရပ်ဌာန်ဝယ်
ပုထုဇဉ် ထောင်ကြီး။
ရှစ်ရပ်ပြစ် မဝင်လို
ပန်ဆင်ဆို တောင်းကြဆုသီး။ ။
တပါးလုံ ဌာနက
လေးသစ္စ ဉာဏ်ရှိန်ငယ်
လျှံထိန်ထိန် ပြောင်ညီး
သောတာပန် တည်ပြီးက
သမ္ဗောဓိ ပရာယနာ။
ပါယ်လေးတန် ဘန်တခေါက်မျှ
ပြန်မရောက်မြဲ နိယတာ။ ။
ပရဃောသ ပစ္စယာငယ်
သည်အင်္ဂါ တပုံပျက်သော်လည်း
အထက်မဂ် သုံးတန်ကို
မြန်းကြလိုလို…။
ထို့ကြောင့်ကွဲ့ အရိယာပုဂ္ဂိုလ်ငယ်
ထိုဘုံမှာ ဖြစ်ကုန်၏လေး။ ။
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment