ဆဲတာလည်း အထုံလိုတာမှန်တယ်။ မဆဲတာလည်း နှုတ်ကိုထိန်းသိမ်းနိုင်စွမ်းဆိုတဲ့ ပါရမီနဲ့ အထုံလိုပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက မုံရွာ၊ ရတနာပုံရပ်ကွက်မှာ အလွန်ကိုဆဲကြတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့လို့ ဆဲနည်းပေါင်းစုံကို နားရည်ဝနေတာ။ ကိုယ့်ပါးစပ်ကတော့ ပြောမထွက်ပါ။ စိတ်တိုလို့ ထွက်မိရင်တောင် အညင်သာဆုံးကို ရွေးတယ်။
ဆေးကျောင်းသားဘဝမှာ မန္တလေး၊ မင်္ဂလာဈေးထဲက ငါးတန်းသွားရင် ကြားရတယ်။ ကနေ့ခေတ်မှာ ဖေ့စ်ဘွတ်မှာ ဖတ်ရတယ်။ ဆဲတဲ့သူတိုင်းကို ဘလော့တာနဲ့ အခု အတော်ကိုနည်းသွားပြီ။ အနည်းဆုံးတော့ ကိုယ့်ဝန်းကျင်မှာ ရှင်းသွားစေတယ်။
ဆဲတာ အကျင့်ပဲ။ အကျင့်ဆိုတာ စွဲလေ အပြင်ရခက်ခဲလေ။ ဝန်ကြီးဖြစ်လည်းမပျောက်။ ဘုန်းကြီးဝတ်လည်းမပျောက်။
ဉာဏ်ရည်ဆိုရင် သုတေသနသဘောမှာ အိုင်ကျူနဲ့တိုင်းလေ့ရှိတယ်။ အီးကျူဆိုတာလည်းရှိတယ်။ မတူပါ။ ဉာဏ်ရည် အမြင့်ဆုံးပုဂ္ဂိုလ်များစာရင်းထဲမှာ အဆဲသန်သူ တယောက်မှ မပါ။ အဆဲသန်သူတွေကို ဖရင်းများ မများနဲ့ တိုင်းပုံရတယ်။
မွေးရာပါ ဦးနှောက်ချို့ယွင်းတဲ့ရောဂါတွေရှိတယ်။ ဒေါင်းဆင်ဒရုမ်း၊ အော်တဇင် စတာတွေ။ သူတို့က မဆဲတတ်ကြလို့တော့ မဟုတ်ပါ။ သူတို့ကို အဆဲသင်ပေးတာနဲ့ ဉာဏ်ကောင်းမလာနိုင်ပါ။
ဖတ်နိုင်သည့် စာများ -
1. EQ and IQ အီးကျူ အိုင်ကျူ
2. Highest IQs in History ဉာဏ်ရည်အမြင့်ဆုံးပုဂ္ဂိုလ်များ
3. Out of the EQ and IQ အီးကျူ အိုင်ကျူ ဘောင်အပြင်ကနေပြောခြင်း
ဒေါက်တာတင့်ဆွေ

Comments
Post a Comment