ရန်ဝေးသောက်ြာ၊ ဂြိုဟ်နှစ်ဖြာတို့
တိမ်ဖြာလှစ်ထွင်း၊ လကို နှင်းသော်
မင်းနှင့် မိဖုရား၊ နှစ်ပါးစုရုံး
နှလုံးချည်ဘူး၊ မရွှင်မြူးလိမ့်
ဗုဒ္ဓဟူးကျော်တိုး၊ ချင်းနင်းညှိုးမူ
သည်ရိုးကံမြောက်၊ တိမ်းစောင်းပေါက်ကြွေ
စနေကြယ်လွန်၊ ချင်္သေ့ဟန်ကြောင့်
ပစ္စန္တရွာ၊ စစ်ကြီးလာအံ့
ပြိတ္တာရာသီ၊ ဂြိုဟ်သောရီသည်
ကပ်မှီခရီး၊ လကိုစီးအံ့
စစ်ကြီးပေါ်ရာ၊ အင်္ဂါ စနေ
နှစ်ထွေခေါ်ထ၊ နတ်ဒေဝတို့
ဗျဂ္ဃစရိယာ၊ သီဟဇာသွား
အစွမ်းအားဖြင့်၊ တခြား မာဃ
ပုဏ္ဏပသျှု၊ ခေါ်မှု အသာလိတ်
ဖိတ်ဖိတ်ရဲနီ၊
ရေဝတီ စိမ်းမြ၊ ဟဿထတို့
လကို ချင်းနင်း၊ တိုက်ကြလျှင်းအံ့
စိုးမင်းမှူးမတ်၊ စဲပြတ်ခန္ဓာ
ပြောင်းကြွကွာချိမ့်၊ အင်္ဂါဂြိုဟ်သည်
ရောင်ခြည်တောက်ပ၊ ဝိသာခါ့ထက်
တကွချင်းဖြတ်၊ ဖောက်ထွင်းလတ်သော်
ငတ်မွတ်ခေါင်းပါး၊ ရေစာရှားအံ့
ပတ္တမြားရောင်နု၊ ဂုရုဂြဟာ
ဂြိုဟ်ဆရာသည်၊ လျင်စွာသွားလေ
စနေ တသွယ်၊ အင်္ဂါကြယ်တို့
အကယ် မယုတ်၊ နောက်သို့ဆုတ်အံ့
ရာဇုတ္တမ၊ နရိန္ဒသည်
ဘဝ ပြောင်းဘွယ်၊ ဟောရိုးသွယ်၏
အကယ်သဖြင့်၊ မပြောလင့်မူ
မင်းနှင့် မှူးမတ်၊ ညီညွတ်ယိုယွင်း
အချင်းချင်းလျှင်၊ နှိပ်နှင်းယိမ်းယွန်း
ညည့်ဝန်းတိုက်သတ်၊ ခုတ်ဖြတ်ကြမည်
ယင်းသည်ထိုကပ်၊ ကင်းကွာလပ်သည်
အရပ်တပါး၊ တိုင်းတခြားမှ
လှံ ဒါး ပြောင်လက်၊ စစ်ကြီးထွက်အံ့
အချက် မယုတ်၊ လဆုတ်သောခါ
ဖြစ်တတ်စွာ၏
ချင်းရာ တသွယ်၊ ထိုဂြိုဟ်ကြယ်တို့
အကယ် မပျက်၊ တံခွန်ထွက်အံ့
လက်လက်ရောင်ဝှန်၊ ကျောင်းကန် ကုဋီ
စေတီ ပုထိုး၊ ဂူလိုင်မျိုးတို့
ပျက်ကျိုး လျော့ရွေ့၊ ဇရာငွေ့ချိမ့်
အရှေ့ မျက်နှာ၊ ရပ်ခန်းဝါက
တံခွန်ပြအံ့
သဗ္ဗရဋ္ဌာ၊ မြို့ပြည်ရွာကို
မဟာဝိနာယ၊ ပျက်ကြိမ်ကျ၍
လောကဖွယ်ရာ၊ မလွတ်သာသည်
ကြမ္မာ ဝိပါက် ရောက်ပြီတည့်။ ။ (ပိုဒ်-၁၄)
(မုံရွေးဆရာတော်)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment