ရီလည်း ရီဝေ၊ ရွှေလည်း ရွှေစ
မြလည်း မြညို၊ စိန်လိုလိုတည့်
ပျိုပျို လွင်လွင်၊ ချစ်ဖွယ်ဆင်သည်
ဒီဇင်ဘာ၏ နံနက်ခင်း။ ။
စိန်ပွင့် ကြိုးကြွ၊ ယိမ်းသမလျှင်
မက ၏သို့ က ၏သို့။ ။
ရွှေရည် လှိုင်းညွှန့်၊ နဂါးတွန့်လျှင်
မလွန့်၏သို့ လွန့်၏သို့။ ။
ခရေ ဖွေးဖွေး၊ ကြယ်ပွင့်သေးလျှင်
မမွှေး၏သို့ မွှေး၏သို့။ ။
ရာသီလှေလည်း ...
စိန် ရွှေ တတင်း၊ မြ တတင်းကို
ဝင်းဝင်း စက်စက်၊ တင်ဆောင်လျက်လျှင်
နွေဖက်ကမ်းဆီ လှော်လေပြီ။ ။
စိန်ကုံး မြကုံး၊ ပုလဲကုံးနှင့်
ပန်းကုံး ကုန်တင်၊ နေခြည်ဆင်သည်
ကမ်းခွင် နားနေ၊ ရာသီလှေ။ ။
တနွေ တမိုး၊ ဆိပ်ကမ်းမျိုးသို့
ရွက်ကြိုးတင်ကာ၊ လှည့်လိုပါလျှင်
လှည်ပါ ချေဦး၊ လွှင့် ချေဦး။ ။
ဆောင်း ဆိပ်ကမ်းကား ...
လျှမ်းလျှမ်း တောက်ပ
အလှ အာရုံ၊ ကျောက်မျက်စုံတည့်။ ။
ဆောင်း ဒီဇင်ဘာ၊ နံနက်ခါတိုင်း
ရာသီ လှေယာဉ်၊ ကမ်းမှာ ဝင်၍
ကုန်တင်လှည့်ပါ့ အို ပဲ့မှူး။ ။
ကုန်တင်လှေကား ...
တမြေ တလမ်း၊ တကမ်း တဆိပ်
တရိပ် တကွေ့၊ ခရီးရွေ့၏။ ။
ဆောင်း အလှမူ ...
သည်လ သည်ခါ၊ သည်မြေချာဝယ်
သည်မှာ ဆင်ယင်၊ မြဲမည်ပင်တည့်။ ။ (တင်မိုး)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment