က ကစွန်းပင် ရေမှာရွှင်
က ကညစ် ပေမှာခြစ်
က ကလေးငယ် ချစ်စဖွယ်
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကစွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကညစ်ကို သိပ်မသိခဲ့ပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ အခုခေတ်မှာ ကလေးကို ခလေးလို့မှားရေးနေကြလို့ဖြစ်ပါတယ်။ ကန်စွန်းပင်ဖြစ်လာတယ်။ ကစွန်းနဲ့ ကန်စွန်းက မူကွဲ။ ကန်အစွန်းမှာပေါက်လို့ ကန်စွန်းခေါ်တာ မဟုတ်ပါ။
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ ခ ခရမ်းသီး ဓါးနဲ့လှီးနဲ့ စ စပယ်ဖြူ မွှေးကြူကြူ။ နောက်မှာ ခ ခရာ အသံသာ နဲ့ စ စပါး တို့အားထား၊ အ အလံ အောင်ပွဲခံ၊ ဖြစ်လာတာက ဆိုရှယ်လစ်ခေတ်ဖြစ်တော့ ခရာမှုတ်အမိန့်ပေးစနစ်ကို ဦးစားပေးတာလို့ ထင်မိတယ်။ ခုခေတ်မှာ ဘောလုံးပွဲဒိုင်လူကြီးခရာကိုသာ စိတ်ဝင်စားကြတော့ပါတယ်။
ခါးရမ်းသီးလို့ တချို့ကယူဆတယ်။ ပုဂံခေတ်နောက်ဆုံးမင်း နရသီဟပတေ့ဟာ အစားအသောက်ကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ့ အမတ်တွေက သူ့နားမှာ ခရမ်းသီးတောင်းထားပေးတော့ ခရမ်းသီးစာထိမှန်ခံရတဲ့အပျိုတော်တွေ ခါးရမ်းသွားလို့ ခါးရမ်းသီးဖြစ်လာတယ်ဆိုပြီး ပါးစပ်ရာဇဝင်ရှိတယ်။ မဖြစ်နိုင်လို့ ထင်ပါတယ်။ အဲတော့ ခ ခရမ်းသီး ဓါးနဲ့လှီးပဲကောင်းတယ်။
စ စပါး တို့အားထား၊ ပ ပလောင် ဒို့ညီနောင်၊ ဖ ဖရုံပေါ တို့ယာတောမှာ တို့နဲ့ ဒို့နှစ်မျိုးဖြစ်နေတယ်။ တို့ကစာလို ဒို့ကစကားပြော။
ဘ ဘယက် ရွှေဒေါင်းခွက်၊ အခုခေတ်မှာ ဘယက်ကို သိပ်မသိကြတော့ပါ။
ယ ယမင်း ပပဝင်းမှာ ပုံက ရုပ်သေးဖြစ်နေတယ်။ ယမင်းဆိုတာ လှပသောမိန်းမငယ်ဖြစ်ပါတယ်။
ကျွန်တော် ၁၉-၁၀-၂၀၁၇ နေ့က တခုတင်ပြခဲ့တာရှိတယ်။ သင်ပုန်းသစ်ဆိုပြီး တွေ့တယ်။ ဖတ်မကြည့်ပဲ တန်းသိတယ်။ ကျွန်တော်က အိန္ဒိယမှာ ၂၄ နှစ် နေလာလို့ သိတာ။ ပုံထဲက အဝတ်အစားရော ကြာပွင့်ရောဟာ အိန္ဒိယနိုင်ငံ ဘီဂျေပီ ပါတီနဲ့ တထေရာတည်း တူနေတယ်။ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ပုံ မဆွဲတတ်ကြလို့လား။ မြန်မာပြည်မှာ ဗမာနဲ့တူတဲ့ကျောင်းဆရာ မရှိတော့ပြီ လား။ ဘ ဘကုန်း ပညာတုံး။
ပျိုးခင်းတေးသံ (ကလေးကဗျာ) https://burmese-spelling.blogspot.com/2023/03/blog-post_76.html
ဘ ဘကုန်း ပညာတုံး https://dr-tint-swe.blogspot.com/2022/05/blog-post_935.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment