အခု ပြန်လာပါလို့ ပြောချင်တာပါလား။ အဲလိုသာဆို မင်္ဂလာဒုံလေဆိပ်ကနေ နာရေးယပ်တောင်ကမ်းပေတော့။
- ဘယ်တော့ပြန်လာမှာလဲ။
- ပြန်မလာသေးဘူးလား။
- ပြန်မလာတော့ဘူးလား။
- လာလိုလျှင် အနီးလေး၊ မလာလိုလျှင် ခရီးဝေး။
အဲလိုကွန်မင့်တွေကို ၂၀၁၂ နောက်ပိုင်းမှာ အများကြီးရခဲ့ပါတယ်။
ပြည်ပမှာ ၂၇ နှစ်နဲ့ ၈ လကြာနေပြီးတော့ ၂၀၁၈ ခုနှစ် အေပြီလမှာ မွေးရပ်တိုင်းပြည်ကို အလည်ပြန်ပါတယ်။ တက်နေတာကလည်း ကိုယ့်အစိုးရ။ ဝန်ကြီးချုပ် အနည်းဆုံး ၃ ဦးနဲ့ကလည်း ညီအကိုလိုရင်းနှီးတယ်။ အဲဒါနဲ့ အလည်ပြန်မယ်လို့ ဆုံးဖြတ်ချက်ကို ချပါတယ်။
လွယ်လွယ်တော့ မဟုတ်ပါ။ ဒုတိယဦးကိုနီ ဖြစ်လေမလား။
ဖြစ်ရင်လည်း ချက်ချင်းသိစေအောင် ရန်ကုန်အခြေစိုက် ရင်းနှီးတဲ့ ရေဒီယိုမီဒီယာ ၃ ခုကို ကြိုတင် အသိပေးထားတယ်။
တလခွဲကောင်းကောင်းလောက်နေပြီး အသက်နဲ့ကိုယ်တွဲပြီး ယူအက်စ်အေကို ပြန်လာနိုင်ခဲ့ပါတယ်။
ရွာကျောင်းဆရာတော်ပေးတဲ့ မင်္ဂလသုတ်တော်တပိုဒ်ကို တိုင်းပြည်ကနေထွက်ပြေားရကတည်းက ရွတ်ခဲ့တဲ့ ကျေးဇူးဖြစ်တယ်။ ပြန်အဝင်မှာလည်း ရွတ်တယ်။ ၂၄ နှစ်အတွင်း နိုင်ငံရေးတာဝန်နဲ့ ဟိုနိုင်ငံ ဒီတိုင်းပြည်တွေကို သွားလာရတိုင်း အင်မီဂရေးရှင်းကောင်တာတိုင်းမှာ အထွက်ရော အဝင်ပါ ရွတ်ခဲ့တယ်။ ပတ်စပို့တွေက အစစ်မဟုတ်၊ အတုလည်းမဟုတ်တွေ။
တဘက်သားအကြောင်း ဂဃနဏမသိဘဲ၊ အခြေအနေကို ကျကျနနမသိဘဲ ကွန်မင့်လေးတခု ရေးချင်သလို ကောက်ရေးလိုက်ရ အင်မတန်လွယ်တာကိုး။
အခုနေခါ မေးရမှာက မထွက်ကြသေးဘူးလား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment