ရေးချနဲ့ မောက်ချ ပြောင်းသွားသည်။
'သဝေထိုး' ဂွကျသည်။ ရေးထားတာကို ကိုယ်တိုင်ပြင်တော့ တကွက်ခြာချင်ရင် သူက ပျောက်သွားသည်။
မူရင်းစာတွေကို ပီဒီအက်ဖ် ဖိုင်နဲ့ တင်ပေးနေသူတွေက ‘ပဌမ’ ကို ‘ပထမ’၊ ‘သမတ’ ကို ‘သမ္မတ’ လို့ ပြောင်းကြသည်။
‘၎င်း’ ကိုပါ ‘လည်းကောင်း’ လို့ ပြောင်းကြသည်။ ‘၎င်း’ နဲ့ ‘လည်းကောင်း’ မတူတာ သိပုံမရ။
‘မြန်မာအစ တကောင်းက’ ပြောင်းသွားပြီ။
‘တပင်ရွှထီး’ နဲ့ ‘တစီးရှင်သီဟသူ’ တို့ဟာ ဘုရင်တွေဖြစ်ပေမဲ့ ကံကုန်တော့ စသတ်ခံရပြီ။
‘တမာရွက်’ လည်း မျိုချမရဖြစ်သွားပြီ။
‘မြတ်ဗုဒ္ဓ၏တစ်ရားတော်များ’ အောက်မှာ သာဝကတွေ များလှသည်။
မိုးကုတ်ဆရာတော်ကြီးရဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာစက်ဝိုင်းထဲက ‘အကျိုးတလွှာ’၊ ‘အကြောင်းတလွှာ’ တွေလည်း စသတ်ပြီး သံသရာမှာ တစ်နေအောင်ပြင်ထားပြီ။
ဖုန်းကီးဘုတ်တွေကနေ တဝမ်းပူတိုင်းကို အလိုလိုစသတ်မပေးသေးလို့ အခုထိတော့ ကံကောင်းသေးသည်။ မကြာမီ လာမည်ထင်သည်။
‘တနင်္ဂနွေ’၊ ‘တနင်္လာ’ ကံကောင်းသေးသည်။
‘နောင်တ’ လည်း အခုထိတော့ ကံကောင်းသေးသည်။
မြန်မာစာကို မှားအောင်ပြင်သူတွေ နောက်တရကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment