စာရေးဆရာများနဲ့ ကျွန်တော် အတော်ကွာခြားပါသည်။
စာရေးဆရာတွေက ကုန်ကြမ်းရှာကြတယ်လို့ ပြောပါသည်။
ကျွန်တော့မှာတော့ ကုန်ချောပေါပါသည်။ တကယ်ကို ကုန်ချော။ ရေးပြီးချွတ်ပြီ၊ ပုံနှိပ်စက် တင်ပြီးသားတွေကနေလည်း ရတတ်သည်။ စာအုပ်ဖုံးက စာလုံးပေါင်းတခုကနေ ပို့စ်တခုဖြစ်ပါသည်။
စာရေးဆရာတွေက ကိုယ်တိုင် တွေးတော စဉ်းစား ခံစားပြီး ရေးကြသတဲ့။
ကျွန်တော့မှာတော့ နေမကောင်းသူတွေက မေးသမျှအကုန် ရေးစရာဖြစ်ပါသည်။ လူနာများသည် ကျွန်တော့ ဇာတ်ဆောင်တွေ ဖြစ်ကြပါသည်။ ချစ်-ကြိုက်-ကွဲ-ညား မပါ။ ရသ အစား ဗျာဒိ နဲ့ ဝေဒနာ။
ကျွန်တော်က အဆုတ်ကင်ဆာကဗျာကိုလည်း ကိုးကားပါသည်။ ဖိနပ်မပါဆရာဝန်ကိုလည်း ပမာထားပါသည်။ ဇီဝကကိုလည်း တိုင်တည်ပါသည်။
ဆေးပညာစာများ ၃ အုပ် ထုတ်ထားပြီးပြီ။ ရေးထားပြီးသားက ၅ အုပ်စာလောက်ရှိမည်။ အခုအချိန်မှာတော့ ပြည်တွင်းမှာ ဘယ်သူကမှ စာအုပ်ထုတ်ပေးရဲမှာ မဟုတ်ပါ။ မရဲသူတွေ မှန်ပါသည်။ ဘေးကင်းကြပါစေ။
စာရေးဆရာတွေက ဈာန်ရမှရေးကြသတဲ့။
ကျွန်တော့မှာတော့ မြင်သမျှရေးရသလိုဖြစ်နေသည်။ လူမှုကွန်ရက်မှာ မြင်မိသမျှထဲက အမြင်မတော်ရင် ရေးဖြစ်သည်။ ကွန်ဂရက်ကျူလေးရှင်းလုပ်စရာ တွေ့တိုင်းလည်း လုပ်ပါသည်။
ကျွန်တော့ ပင်တိုင်ဇာတ်လိုက်တွေကတော့ ဒေါ်စာလုံးပေါင်းနဲ့ ဦးသတ်ပုံ ဟုမည်တွင်ကြသော ဗီလိန်များသာ ဖြစ်ပါသည်။ ဖရင်းမဟုတ်ဘဲ အန်ဖရင်းလုပ်ရသူတွေက မေတ္တာထားကြပါသည်။
ပရော်ဖက်ရှင်နယ် စာရေးဆရာများနှင့် အခမဲ့ကျွုန်ုပ်သည် ဤကဲ့သို့ အကွာခြားကြီး ကွားခြားပါသည်။
မှတ်ချက် - မြန်မာပြည်မှာသာ စာရေးဆရာတွေရဲ့ ကုန်ကြမ်းလို့ခေါ်ပါသည်။ သူမျိုးတွေဆီမှာ စာရေးဆရာတွေရဲ့ ကုန်ကြမ်းဆိုတာ၊ အိုင်ဒီယာ၊ အတွေးအခေါ်အပြင် စာရွက်၊ ဘောပင် စတာတွေကိုသာ ခေါ်ပါသတဲ့။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment