ယူအက်စ်အေကို ပြောင်းပြီးနေရတော့ ဆေးကုသခွင့်အတွက် ဆေးစာတွေပြန် မဖတ်ချင်တော့။ လူကလည်း အိုလှပြီ။ ခွဲစိတ်ကုသတာကို ဝါသနာရှိတဲ့ဆရာဝန် ဆေးပညာနဲ့ခွဲခွါရပါတော့တယ်။
ဝါသနာဆိုတာ သေခါမှပျောက်လေ့ရှိတယ်။ ပြည်ပနိုင်ငံရေးလုပ်စဉ်က ရောက်လေရာအရပ်မှာ လူနာရှာတယ်။ အထူးသဖြင့် ခွဲစိတ်လူနာရှာတယ်။ ထိုင်းနယ်စပ်က ဆေးရုံလေးတွေ၊ ဆေးခန်းလေးတွေ မှာသာမက ချောင်းရေစပ်လိုနေရာမှာတောင် ဖြစ်သလိုခွဲစိတ်ကုသပေးခဲ့တယ်။
အိုဂျီလည်း မဟုတ်၊ သားဖွားဆရာမလည်း မဟုတ်ပေမဲ့ ယမုန်နာဆေးခန်းမှာ ၂၀၀၆ ကစပြီး မွေးလူနာ လက်ခံပြီး ကလေးပေါင်း ၃၄၉ ယောက်ကို မွေးပေးခဲ့သေးတယ်။ ဒီကိုရောက်တော့ ကိုယ်မွေးပေးခဲ့တဲ့ ကလေးတွေကို တွေ့တယ်။ သူတို့မိဘတွေက ပြောပြကြလို့သာ သိတာ။
ယူအက်စ်အေမှာ ကျန်းမာရေးအာမခံရှိသူတွေအတွက် ဆေးကုရတာတော့ အဆင်ပြေကြပေမယ့် တော်တော်တန်တန် လုပ်စရာလေးတွေတော့ အချိန်မပေးနိုင်ကြပါ။ ဥပမာ သွေးတိုးတိုင်းတာနဲ့ ဆီးချိုစစ်တာ။ အဲဒါနဲ့ သွေးတိုးတိုင်းစရာ ဒစ်ဂျစ်တယ်ကရိယာက မတိကျလို့ ဒိုင်ခွက်ကရိယာနဲ့ နားကျပ်တစုံ ဝယ်ထားလိုက်တယ်။ လိုအပ်သူတွေကို စစ်ဆေးပေးပါတယ်။ တခါတခါ ဆေးအိတ်လေးကိုပါ လက်ဖက်ရည်ဆိုင်ကို ယူသွားတယ်။
ဆေးအိတ်ကလည်း နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သုံး ဆေးအိတ်တဲ့။ ရောမရောက်တော့ ရောမလို။ အိန္ဒိယရောက်စမှာ ဆေးအိတ်ကို ကိုယ်တိုင်ပုံစံထုတ်ပြီး မြန်မာပြည်သား လက်သမားဆရာ တယောက်ကို လုပ်ခိုင်းပြီး သုံးခဲ့ပါတယ်။
မနေ့က နာရေးရက်လည်မှာ လူနာ ၄-၅ ဦးကို စစ်ဆေးပေးနိုင်ခဲ့တယ်။
ဒိအရင်ကတည်းက ဘုန်းကြီးကျောင်းမှာ ကွန်မြူနတီဆုံတဲ့ပွဲရှိရင် သွေးတိုးတိုင်းတာနဲ့ ဆီးချိုစစ်တာ လုပ်ပေးချင်တယ်လို့ စိတ်ကူးထားတာ တလလောက်ရှိနေပြီ။ ဒိထက်လည်း မတတ်နိုင်။
ဒီကရှေ့ ကွန်မြူနတီဆုံတိုင်းမှာ သွေးတိုးနဲ့ ဆီးချိုစစ်ပေးမည်လို့ မက်စင်ဂျာဂရုမှာ ကြော်ငြာပြီး လုပ်ပေးမယ်။
ဒိထက်လုပ်ပေးနိုင်တာ ရှိသေးတယ်။ ဒီအရပ်မှာ ဆရာဝန်လက်မှန်နဲ့သာဝယ်လို့ရတဲ့ဆေးတွေကို ကျန်းမာရေးအာမခံမရှိသူတွေက ဝယ်မရနိုင်။ လက်ယားလာတယ်။ အဲဒါနဲ့ အိန္ဒိယကနေ ဆေးတွေ မှားပေးပါတယ်။ သွေးတိုးကျဆေး၊ ဆီးချိုဆေး၊ ပဋိဇီဝဆေး စသည်။ ဟိုမှာကလည်း ကိုယ့်လူရင်းတွေရှိတော့ အဆင်ပြေတယ်။
နောက်တခုလည်း ရှိလာပြန်ပါတယ်။ ဒီမှာနေတဲ့ တခြားဆရာဝန်တဦးက အကြံပေးတာ။ သူက ဗီဒီယိုကော်လ်နဲ့ အွန်လိုင်းကနေ လူနာကြည့်ပေးနေသတဲ့။ လူနာတွေက မြန်မာပြည်ကတဲ့။ စိတ်ဝင်စားလာတယ်။ လုပ်နိုင် မလုပ်နိုင်တော့ မသိသေး။ လာပြီးလေ့လာဦးမယ်လို့ ပြောထားတယ်။
ကျွန်တော် ဆရာဝန်ဖြစ်တော့ ၁၉၇၂-၇၃၊ အသက်က အစိတ်လောက်သာရှိသေးတာ။ အခုတော့အိုပြီ။ အရင်ကလိုတော့ မသွက်လက်တော့ပါ။ မနေ့က ဆေးစစ်ဆေးပေးတာကို ကြည့်နေတဲ့ ဒေါ်မြမြအေးက ပြန်ပြောပါတယ်။ လူနာကုန်တော့ မောနေပြီဆိုတာ သတိထားမိပါသတဲ့။ ဟုတ်တယ်။ မနေ့က ညနေမှာ လုပ်နေကျ စက်ဘီးလေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပါ။
ယမုန်နာဆေးခန်းလေးတုန်းကတော့ တညလုံးမအိပ်ရတဲ့ မွေးလူနာတွေ မကြာခဏ ကြုံခဲ့ရပါတယ်။ နိုင်ငံရေးတဖက်နဲ့လုပ်ရလည်း မောတယ်လို့ မရှိခဲ့ပါ။
မနေ့က ဆရာတော်ကလည်း အနိစ္စနဲ့ သင်္ခါရတရား ဟောပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment