Skip to main content

ယမုန်နာဆေးခန်းသစ်

ကျွန်တော် ပြည်ပမှာ မြန်မာ့ဒီမိုကရေစီရေးလုပ်နေရင်း ၂၀၀၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နယူးဒေလီမှာ ယမုန်နာအမည်နဲ့ အခမဲ့ဆေးခန်းလေးဖွင့်ခဲ့ပါတယ်။

ယူအက်စ်အေကို ပြောင်းပြီးနေရတော့ ဆေးကုသခွင့်အတွက် ဆေးစာတွေပြန် မဖတ်ချင်တော့။ လူကလည်း အိုလှပြီ။ ခွဲစိတ်ကုသတာကို ဝါသနာရှိတဲ့ဆရာဝန် ဆေးပညာနဲ့ခွဲခွါရပါတော့တယ်။

ဝါသနာဆိုတာ သေခါမှပျောက်လေ့ရှိတယ်။ ပြည်ပနိုင်ငံရေးလုပ်စဉ်က ရောက်လေရာအရပ်မှာ လူနာရှာတယ်။ အထူးသဖြင့် ခွဲစိတ်လူနာရှာတယ်။ ထိုင်းနယ်စပ်က ဆေးရုံလေးတွေ၊ ဆေးခန်းလေးတွေ မှာသာမက ချောင်းရေစပ်လိုနေရာမှာတောင် ဖြစ်သလိုခွဲစိတ်ကုသပေးခဲ့တယ်။

အိုဂျီလည်း မဟုတ်၊ သားဖွားဆရာမလည်း မဟုတ်ပေမဲ့ ယမုန်နာဆေးခန်းမှာ ၂၀၀၆ ကစပြီး မွေးလူနာ လက်ခံပြီး ကလေးပေါင်း ၃၄၉ ယောက်ကို မွေးပေးခဲ့သေးတယ်။ ဒီကိုရောက်တော့ ကိုယ်မွေးပေးခဲ့တဲ့ ကလေးတွေကို တွေ့တယ်။ သူတို့မိဘတွေက ပြောပြကြလို့သာ သိတာ။

ယူအက်စ်အေမှာ ကျန်းမာရေးအာမခံရှိသူတွေအတွက် ဆေးကုရတာတော့ အဆင်ပြေကြပေမယ့် တော်တော်တန်တန် လုပ်စရာလေးတွေတော့ အချိန်မပေးနိုင်ကြပါ။ ဥပမာ သွေးတိုးတိုင်းတာနဲ့ ဆီးချိုစစ်တာ။ အဲဒါနဲ့ သွေးတိုးတိုင်းစရာ ဒစ်ဂျစ်တယ်ကရိယာက မတိကျလို့ ဒိုင်ခွက်ကရိယာနဲ့ နားကျပ်တစုံ ဝယ်ထားလိုက်တယ်။ လိုအပ်သူတွေကို စစ်ဆေးပေးပါတယ်။ တခါတခါ ဆေးအိတ်လေးကိုပါ လက်ဖက်ရည်ဆိုင်ကို ယူသွားတယ်။ 

ဆေးအိတ်ကလည်း နေတိုး စစ်ရေးမဟာမိတ်အဖွဲ့သုံး ဆေးအိတ်တဲ့။ ရောမရောက်တော့ ရောမလို။ အိန္ဒိယရောက်စမှာ ဆေးအိတ်ကို ကိုယ်တိုင်ပုံစံထုတ်ပြီး မြန်မာပြည်သား လက်သမားဆရာ တယောက်ကို လုပ်ခိုင်းပြီး သုံးခဲ့ပါတယ်။

မနေ့က နာရေးရက်လည်မှာ လူနာ ၄-၅ ဦးကို စစ်ဆေးပေးနိုင်ခဲ့တယ်။

ဒိအရင်ကတည်းက ဘုန်းကြီးကျောင်းမှာ ကွန်မြူနတီဆုံတဲ့ပွဲရှိရင် သွေးတိုးတိုင်းတာနဲ့ ဆီးချိုစစ်တာ လုပ်ပေးချင်တယ်လို့ စိတ်ကူးထားတာ တလလောက်ရှိနေပြီ။ ဒိထက်လည်း မတတ်နိုင်။

ဒီကရှေ့ ကွန်မြူနတီဆုံတိုင်းမှာ သွေးတိုးနဲ့ ဆီးချိုစစ်ပေးမည်လို့ မက်စင်ဂျာဂရုမှာ ကြော်ငြာပြီး လုပ်ပေးမယ်။

ဒိထက်လုပ်ပေးနိုင်တာ ရှိသေးတယ်။ ဒီအရပ်မှာ ဆရာဝန်လက်မှန်နဲ့သာဝယ်လို့ရတဲ့ဆေးတွေကို ကျန်းမာရေးအာမခံမရှိသူတွေက ဝယ်မရနိုင်။ လက်ယားလာတယ်။ အဲဒါနဲ့ အိန္ဒိယကနေ ဆေးတွေ မှားပေးပါတယ်။ သွေးတိုးကျဆေး၊ ဆီးချိုဆေး၊ ပဋိဇီဝဆေး စသည်။ ဟိုမှာကလည်း ကိုယ့်လူရင်းတွေရှိတော့ အဆင်ပြေတယ်။

နောက်တခုလည်း ရှိလာပြန်ပါတယ်။ ဒီမှာနေတဲ့ တခြားဆရာဝန်တဦးက အကြံပေးတာ။ သူက ဗီဒီယိုကော်လ်နဲ့ အွန်လိုင်းကနေ လူနာကြည့်ပေးနေသတဲ့။ လူနာတွေက မြန်မာပြည်ကတဲ့။ စိတ်ဝင်စားလာတယ်။ လုပ်နိုင် မလုပ်နိုင်တော့ မသိသေး။ လာပြီးလေ့လာဦးမယ်လို့ ပြောထားတယ်။

ကျွန်တော် ဆရာဝန်ဖြစ်တော့ ၁၉၇၂-၇၃၊ အသက်က အစိတ်လောက်သာရှိသေးတာ။ အခုတော့အိုပြီ။ အရင်ကလိုတော့ မသွက်လက်တော့ပါ။ မနေ့က ဆေးစစ်ဆေးပေးတာကို ကြည့်နေတဲ့ ဒေါ်မြမြအေးက ပြန်ပြောပါတယ်။ လူနာကုန်တော့ မောနေပြီဆိုတာ သတိထားမိပါသတဲ့။ ဟုတ်တယ်။ မနေ့က ညနေမှာ လုပ်နေကျ စက်ဘီးလေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပါ။

ယမုန်နာဆေးခန်းလေးတုန်းကတော့ တညလုံးမအိပ်ရတဲ့ မွေးလူနာတွေ မကြာခဏ ကြုံခဲ့ရပါတယ်။ နိုင်ငံရေးတဖက်နဲ့လုပ်ရလည်း မောတယ်လို့ မရှိခဲ့ပါ။

မနေ့က ဆရာတော်ကလည်း အနိစ္စနဲ့ သင်္ခါရတရား ဟောပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ