ပျိုလေးတို့ ရွာဆီမှာ
မြူးကြ ဘာသာ။
သည်ချိန်ခါ
ရွာသူတဲ့ ပျော်ဆဲ။
ကန်ဆီမှာ သံစုံမြွက်တယ်
ရေရွက်တဲ့ ပွဲ။ ။
ကန်ပေါင်မှာ သူရပ်တော့
မိုးနတ်သူ ပုံပမာ
ပျိုလေး သူဇာ။
သူ့ ရူပါ
မျက်နှာက ကြည်အေး။
ဒီရွာသူ အပျိုချောငယ်
တောသူ့ ပဂေး။ ။
ကြာပွင့်ကြီး သင်းကြူကြူ။
ကိုလူပျို ပြွေသံဆန်းတယ်
မှန်းဆတဲ့ သူ။
ကြာပွင့်ကို ချူ၊ ချူမယ်တဲ့လား။
ပျိုလေးကို ကြူ၊ ကြူမယ်တဲ့လား။
သီချင်းသံ လေပြေသင်းမှာ
ညှင်းပေါ့တအား။ ။
ခူးမယ်တဲ့ ဆွတ်မယ်။
ကန်လယ်မှာ ကြာနီပန်းငယ်
လန်းတင့်လှတယ်။
ကြာပွင့်ကို ရွယ်၊ လွယ်ပါလိမ့်လေး။
ပျိုလေးကို ရွယ်၊ လွယ်ယောင်နှင့် ဝေး။
ကိုလူပျို ကန်ပေါင်ရိုးက
ညှိုးစိတ်နှင့် ဆွေး။ ။
မိုးချုပ်လို့ ချိန်တန်။
မလေးပျို ရေကိုရွက်တယ်
ရွာဘက်ကို ပြန်။
ကန်ရိုးမှာ ကျန်
ပြွေသံက ကြူသေး။
ပျိုလေးရယ် ဘယ်အခင်းကြောင့်
ငြင်းရက်တယ်လေး။ ။
(နုယဉ် - အချိုးတွဲကဗျာ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment