တင်ကြတာတွေ တွေ့တယ်။ မဖတ်ပါ။ ဖတ်ပြီးသားမို့လည်းတကြောင်း အွန်လိုင်းမှာအဲလိုစာကောင်းတွေ ၉၀% လောက် မူရင်း တ သတ်ပုံကို တစ် လို့ပြင်ထားကြလို့။ အခုလင့်ပိုကို ပို့ပေးသူက ဆရာမောင်စွမ်းရည်။ ဆရာတင်မိုး သူငယ်ချင်း။ ဖွင့်ဖတ်ပါတယ်။ သတ်ပုံကို မူရင်းအတိုင်း။ ခရက်ဒစ် စောမင်းလတ် တဲ့။ ကျေးဇူး။
ကံမြဲ-ဇဂျမ်းရွာက မောင်ဘဂျမ်းထံ စာတစောင်ရောက်လာသည်။ စာယူလာသူက ကျောင်းစစ်ဆေးရေးလှည့်လာသည့် ပညာရေးဝန်ကြီး ဦးသန်းအောင်။ လူကြုံမှာလိုက်သည်က မန္တလေးတက္ကသိုလ် မြန်မာစာပါမောက္ခ ဦးဧမောင်။ မောင်ဘဂျမ်း၏ စာစီစာကုံးက ကောင်းလွန်း၍ မြန်မာစာဌာနကို ဆက်ဆက်လာခဲ့ရန် နှုတ်စကားပါးလိုက်၏။
ခုံနံပါတ်က ဝိုင်ဇက်ဂျီ – ၇၄။ စာစစ်သူကဦးမောင်မောင်တင်။ ဝိုင်ဇက်ဂျီ – ၇၄ ၏ စာစီစာကုံးက ကောင်းလွန်း၍ ဆရာဦးမောင်မောင်တင်က ပါမောက္ခ ဦးဧမောင်ကို တင်ပြသည်။ ဦးဧမောင်က ဖတ်ကြည့်ပြီး “မောင်မောင်တင်.. မင်း ဒါမျိုးရေးနိုင်ပါ့မလား” မေးသည်။ ဆရာက “မရေးနိုင်ပါဘူး ဆရာ” ဟုဖြေသည်။ ဦးဧမောင်က ကောင်းလွန်း၍ ဟုချီးမွမ်းကာ (၂၅)မှတ် အပြည့်ပေးသည် ဟူ၏။ ထိုမျှမကသေး၊ အထက်ကို ကျောင်းစစ်သွားမည့် ပညာရေးဝန်ကြီး ဦးသန်းအောင်ကိုလည်း နှုတ်စကားပါးလိုက်၏။
ထို ဝိုင်ဇက်ဂျီ – ၇၄၊ မောင်ဘဂျမ်း သည် နောင်အခါ မြန်မာကဗျာလောက၏ “တင်မိုး” ဖြစ်လာလေသတည်း။ ဆရာကြီးတင်မိုး တဖြစ်လဲ မောင်ဘဂျမ်း ၏ စာစီစာကုံးလေးကား လက်ဖြားခါလောက်ပါပေ၏။
ဆောင်းနှောင်းရာသီ
နှင်းမှုန်များပြန့်ကြဲလျက်ရှိသော ဆောင်းရာသီ၏ စခန်းသိမ်းချိန်သို့ နီးကပ်လျက် ရှိပေပြီ။ နတ်တော်လမှာ ကဲ့သို့လည်း တိမ်ရိပ်တိမ်ခိုးများကို ရှုမြင်ခွင့်မရ။ ပြာသိုလ ကဲ့သို့လည်း တလင်းဖျက်မိုးက တဖြောက်ဖြောက် ကျ မလာတော့ချေ။ ဤအချိန်မှာကား တပို့တွဲ တပေါင်းဟုဆိုအပ်သော ဆောင်းနှောင်းရာသီ ဖြစ်ပေသည်။
ယခုသော်တမူ တပေါင်းလရာသီသို့ပင် ရောက်ရှိလာပေပြီ။
စာမေးပွဲခန်းမမှ အပြင်သို့ မျှော်ကြည့်သည်ရှိသော် မြူမှုန်မင်းလွင်များ ဝေနေသော ကောင်းကင်ပြင်ကိုမြင်ရ၏။ သစ်ပင်ပန်းမန်များကား လေရူးက ကလူကျီစယ်သဖြင့် ကနွဲ့ကလျ ယိမ်းကနေကြရှာ၏။ ဆောင်းနှောင်းလဖြစ်၍ နှင်းမြူများက မကွဲတကွဲ မစဲတစဲရှိသေး၏။ သို့ဖြင့် သဘာဝပန်းချီဆရာသည် မြူမှုန်ကြွ၍ မှိုင်းပျညိုမှောင်နေသော ဆောင်းနှောင်းပန်းချီကားကို ဆေးခြယ်မှုန်းလျက် ရှိပေသည်။
“ပြာပြာညိုရောင်၊ မှိုင်းတလဲ့လဲ့ အာကာပြင်ဘောင်၊ သိုင်းတချဲ့ချဲ့” ဟူဘိ၏သို့။ ပြာလဲ့မှုန်မှင်သော မိုးအဇဋာသည် နောက်ခံကားကြီးသဖွယ် တည်လျက်ရှိတော့သည်။ ထိုအချိန်တွင်ပင် .
“လေခမြေသက် ဈာန်ဝိတက်သို့ သစ်ရွက်ရော်ရီ ဣန္ဒနီဝယ် သိင်္ဂီတဝက် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ရဂုံမြိုင်တွင်း တောလုံးလင်းသား” ဟူသော ရှင်ဥတ္တမကျော်၏ တောလားရတုကဲ့သို့ပင် ကြွေဝဲ၍ကျလာသော ရွှေရွက်ဝါကလေးတို့ကား တချာလည်လည်နှင့် သနားဖွယ်သာပင်။ ယင်းသို့ ရွက်ရွှေဝါက သက်မြေမှာကျလျှင် ဥဩငှက်ငယ်ကလည်း သနားဖွယ်ရာ တေးတျာကျူးရင့်လျက်ရှိပေသည်။ ဥဩငှက်ငယ်၏ တေးသံသာကား “လည်ပြန်တနှစ်၊ ဆန်းမည့်ခေတ်ဝယ်၊ မြူညစ်မတင်၊ ဘယာစင်၍၊ ကြည်ရွှင်စေသော၊ ရည်ရွယ်ပြောသို့” ရှိတော့သည်သာ။
ကျွန်တော်၏ နားသောတတွင်မူကား ဥဩငှက်ငယ်သည် အောင်တေးကို လာရောက်ကျူးရင့်နေရှာလေသည်ဟု ထင်မှတ်ပါသည်။ တောတလျှောက်တွင်ကား နီရဲသောအင်ကြင်းပန်းများက တောအား အလင်္ကာတန်ဆာ ဆင်ထားဟန်ရှိသည်။
“ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည် သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့ ဖူးညွန့်ကိုက်စီ” ဟူသော ဦးကြင်ဥ၏ မိန်ရာသီဘွဲ့သည် ယခုကျွန်တော်မြင်ရသော ဆောင်းနှောင်းရှုခင်းကို ထပ်မံဖြည့်စွက်နေသည့်အလား ရှိတော့သည်။
သစ်ရွက်များ ညောင်းကျကြွေလျောသဖြင့် ၎င်းနေရာတွင် ပုရစ်ဖူးတံကလေးများ အစားထိုးလာသည်။ စိမ်းမြမြ ကြည်လဲ့လဲ့နှင့် ရှုမဝနိုင်အောင်ရှိသော တောအုပ်ညိုကို မြင်ရသောအခါ…
“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ” ဟူသော ရတနသုတ် ပါဠိတော် တပိုင်းတစကို အမှတ်ရမိသေးသည်။ “ပွင့်သောအဖျားရှိသော တောအုပ်သည် အသရေရှိသကဲ့သို့” ဟူသော ဥပမာစကားလေးမှာ ဆောင်းယွန်းနှင့် နွေအကူးဟူသော သဘာဝပန်းချီထူးကို ဉာဏ်မြူးမိရာမှ ပေါ်ထွက်ဟောဖော်သောဝါကျပင် ဖြစ်တန်ရာချေသည်။
လေပြည်လေညင်းကလည်း ဆော်သွင်းတိုက်ခတ်လျက်ရှိ၏။ နီမောင်းသောအညှာမှ ကြွေလာသော သစ်ရွက်ကလေးများကို ကျွန်တော်သာ မြင်မိသည်မဟုတ်။ ရတုတံခွန်စိုက် နတ်ရှင်နောင်လည်း မြင်ခဲ့သည်သာဖြစ်၏။
“ဝါသည်ရွက်လည်း ပင်ထက်မထား လေသို့ယား၍ ထွားထွားမကြန့် သန္တာခန့်ကို မြညွန့်ရစ်ခွေ နှင်းခဲ့ပေ၍” တဖန်တုံ တပေါင်းလကား ဆောင်းနှောင်းလလည်းဖြစ်၊ အသာယာဆုံးလည်းဖြစ်၏။ သဲစေတီပွဲကျင်းပသော လလည်းဖြစ်၏။ သဲသောင်ကမ်းနှင့် ခြေခင်းလက်ခင်း သာယာသဖြင့် “သောတာပန် မဟာထေရ်တို့ပင်၊ မဆည်နိုင် မျက်ရည်စို့” ရသော လပင်တည်း။
ထို့ထက် ဆောင်းနှောင်းရာသီကား ကျွန်တော်တို့ စာမေးပွဲနီးကပ်သော ရာသီလည်းဖြစ်၏။ ကျောင်းပိတ်လိုက်သော ချိန်ခါလည်းဖြစ်၏။ ဤရာသီ၊ ဤအချိန်တိုင်ရောက်လျှင် ကျွန်တော့်မှာ ဝမ်းလည်းသာရ၏။ ဝမ်းနည်းကြေကွဲရခြင်းလည်း ဖြစ်၏။ အကြောင်းတမူ တနှစ်လုံးကြိုးစားခဲ့ရသော ဉာဏ်စွမ်းရည်ကို သွေးခွင့်လည်းရ၊ မိတ်သင်္ဂဟအပေါင်းနှင့် ချစ်သောကျောင်းကို ခွဲခွာရမည်လည်း ဖြစ်၍ပါတည်း။ သို့ တမူ ကျွန်တော်သည် ဤဆောင်းနှောင်းရာသီကဲ့သို့ သံသရာစက်ရဟတ်သည်လည်း မကြာမကြာ ပြန်၍လည်မြဲပင် ဖြစ်တတ်သည်ကို သတိပြုမိပါ၏။ သတိပြုလျက်နှင့်ပင် အသိမှားချေရာ၏။ ကျွန်တော်ကား ဆောင်းနှောင်းရာသီမှ ဆင့်ပွား၍ တရားသက်ဝင် ဉာဏ်စက်ရွှင်ချေပြီ။ သံသရာစက်ရဟတ်ကို မျက်ချည်မပြတ် ရှုမိချေပြီတည်း။
မောင်ဘဂျမ်း
ဝိုင်ဇက်ဂျီ – ၇၄
၁၉၅၇ ခုနှစ်။
မှတ်ချက်
ဒီစာစီစာကုံးကို ကူးတင်ကြတာတချို့က မူရင်းသတ်ပုံတွေကို ဖျက်ပြီးတင်ထားကြတယ်။ မလုပ်ကောင်းပါခင်ဗျား။ ဆရာတင်မိုးလောက် စာစီစာကုံးကောင်းအောင်မရေးတတ်သူတွေက သတ်ပုံတွေပြင်ခိုင်းထားပါတယ်။ ပြင်ပုံတွေနဲ့ စာတွေ ရေးနေကြတယ်။ စာအုပ်တွေ ထုတ်နေကြတယ်။ သတ်ပုံပြင်ပြီး စာအုပ်ကောင်းတွေ ရောင်းစားနေကြတယ်။ ဒေါင်းလုဒ်တွေ တင်ထားကြတယ်။ သံသရာစက်ရဟတ်ကို မျက်ခြည်မပြတ် ရှုမိချေပြီတည်း။
ဆရာတင်မိုး နယူးဒေလီကိုလာစဉ်က ကျွန်တော့မိသားစုနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံဖြစ်ပါတယ်။ ဆရာတင်မိုး ဘုရားဖူးခရီးစဉ်ကို စီစဉ်နေရတဲ့ ကျွန်တော့တတိယသားက ပုံထဲမှာမပါ။
ဆရာတင်မိုးနဲ့ ကျွန်တော့သား အကြီးနှစ်ယောက်တို့ မရှိကြတော့ပါ။ ပုံထဲက အငယ်ဆုံး (မြေးအကြီးဆုံး) က အမရာဆွေ အမေဖြစ်နေပြီ။
ဒေါက်တာတင့်ဆွေ
၁၇-၆-၂၀၁၉

Comments
Post a Comment