ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။
ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။
ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။
ကိုယ့်ဘုရားကို ဝပ်တွားပူဇော်လိုက်ပါ၏။ (လူထုစိန်ဝင်း)
ဒေါက်တာတင့်ဆွေ
Photo from Nay Thukha

Comments
Post a Comment