ခရီးသည်နွေ လေပွေဆွ
ကြွေနေကျပင်လက်ပံ။
တကိုင်းဝင်တကိုင်းထွက်
ဇရက်ကယ်ညံ့။
ချာချာလည်ပျံ
လက်ပံပွင့်မြေဆင်း။
ဇရက်တွေပွင့်ကြွေကြည့်
ရင်မောဘိခြင်း။
ကိုင်းထက်မှာသန္ဓေရင့်
အမြင့်ဖွား ပွင့်လက်ပံ။
ဇရက်ကိုတရားပြထင့်
ခုန်ချလို့မြေစံ။
လန့်တကြားဆူညံ
ဇရက်သံမစဲ။
တပွင့်ကြွေ တပွင့်မေ့
သည်ငှက်လေ့ဘဲ။
လေရူးပြေ နွေရင့်တော့
လက်ပံပွင့်တုံးခဲ့ပြန်။
ပင်လက်ပံမိုးယံထိုး
ရိုးတံချည်းကျန်။
မုတ်သုန်လေ အညာပြန်
ဇရက်သံလေမှာဝဲ။
ပင်လက်ပံခြုံထည်ပြောင်းကို
တောပုန်းလေ ရှေ့ မြောက်စောင်းဆီက
ချောင်းကြည့်ရယ်မြဲ။ (မောင်စွမ်းရည်)
ငွေတာရီမဂ္ဂဇင်း ၁၉၆၃ ဇွန်လ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment