Skip to main content

မျက်နှာမူမယ့်အရပ်

ရောင့်ရဲမှ ငြိမ်းချမ်းသတဲ့

စိမ်းလန်းတဲ့ တောအုပ်ကလေး

စီးရေပြေးတဲ့ ချောင်း

ဝါးကျောင်းကလေးတကျောင်းမှာ

ခိုအောင်းလို့နေချင်တယ်။

ရှင်ဥတ္တမကျော်လို ကဗျာဖွဲ့

ကြည်လဲ့နေတဲ့ ရေသီတာ

နွဲ့နေတဲ့ ငှက်တေးသံသာနဲ့

လူ့ရွာကို လျစ်လျူရှု

ဥပေက္ခာတရားနဲ့ နေချင်တယ်။

ဒါပေမဲ့

ငါ့ရဲ့ဘဝခရီးက

တကိုယ်ထီးတည်း လွတ်မြောက်ဖို့

မျက်မှောက်လောကဘဝဝဲက

မျက်နှာလွှဲဖို့ ဟုတ်ရဲ့လား။

ငါ့အတွက် ငါအသက်ရှင်

ငါ့ရင်ငြိမ်းချမ်း ပြီးစတမ်းလား။

ငါ့အစွမ်းအင်တွေ အသာသိမ်း

ငါငြိမ်းရင် လုံလောက်ပြီလို့

မဂ်ပေါက်ဖိုလ်ဝင်ချင်တာနဲ့

သံယောဇဉ်အနှောင်အဖွဲ့က

ရှောင်ခဲ့ချင်ပြီလား။

ဘဝရဲ့တန်ဖိုးဟာ

ကိုယ့်အကျိုးအတွက် အသက်ရှင်ရေးလား။

ချောင်းရေကလေးနံဘေးမှာ

အကြောင်းအထွေထွေ တွေးနေမိတယ်။

လူ့ဘဝထဲ သမုဒယဝဲမှာ

ရဲရဲနေ ရဲရဲဆင်း

တရားမျှတခြင်းကိုတည်ဆောက်

အခက်အခဲမကြောက်

လက်တွဲလျှောက် စိတ်ဓာတ်နဲ့

မြင့်မြတ်တဲ့ လောကလမ်းမှာ

သောကတွေထမ်းရင်း ချီတက်

လောဘဘက်ကို မျက်နှာမူ

တာဝန်ယူတတ်တဲ့စိတ်ကို မွေးရဦးမယ် ။      ။

(တင်မိုး)

၂၅ - ၅ - ၉၆

ဒေါက်တာတင့်ဆွေ

Comments