လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတခုတည်းမှာသာ စာပေနဲ့ အနုပညာကျေးဇူးရှိတယ်။ ဇာတိမာန်တွေ အမျိုးသားရေး စိတ်ဓါတ်တွေ ကိုလိုနီဆန့်ကျင်ရေးတွေကို ပြောင်ပြောင်မြောက်မြောက်ရေးသားခဲ့ကြတယ်။ တကယ်ကို တိုင်းပြည်အပေါ် တာဝန်ကျေခဲ့ကြတယ်။
ဘုရင့်ခေတ်မှာ ဘုန်းတော်ဘွဲ့တွေ ရေးသားဆက်သွင်းခဲ့ကြတယ်။ ၂၆ နှစ်ကာလမှာ စာဖတ်စရာတမျိုးတည်းသာ ခွင့်ပြုတယ်။ ခေတ်သစ်ဘုန်းတော်ဘွဲ့တွေ ပေါ်ခဲ့တယ်။ နောက် ၂၄ နှစ်လောက်အတွင်းမှာတော့ သမိုင်းတွေရော သတ်ပုံတွေကိုပါ ပြင်ရေးတယ်။ အတော်ကို တာဝန်မဲ့ခဲ့ကြတယ်။
စာပေနဲ့အနုပညာဟာ အလွန်စွမ်းပကားကြီးမားပါတယ်။ လွတ်လပ်ရေးရစေနိုင်ခဲ့တယ်။ မလွတ်မလပ်ဘဝမှာ ပျော်ပိုက်စေခဲ့တယ်။ နောင်ကာလကိုပါ လမ်းလွဲနောက်လိုက်စေအောင် ပို့ပေးနိုင်ခဲ့တယ်။
အခုဆိုရင် အမှားတွေကိုသာ အမှန်မှန်ထင်၊ အမှားတွေကိုသာ သင်ကြား၊ အမှားတွေကိုသာ ရေးသား ရောင်းစားနေကြတော့တယ်။ အမှားပင်လယ်မှာ ပျော်ပိုက်နေကြတော့တယ်။ ရေစုန်မှာ မျောပါနေတာကို သာယာနေကြတော့တယ်။
မြန်မာ့ စာပေနဲ့ အနုပညာသမိုင်း ရိုင်းခဲ့လေပြီတည်း။
ဆေးခါးကြီးကို သောက်လိုသူ မရှိပါ။ သောက်ရန် လိုသူတွေက များပါသည်။
ဒေါက်တာတင့်ဆွေ
၁-၁-၂၀၁၉
Comments
Post a Comment