အဆီအငေါ်မတည့်ဘူး ပြောကြမှာဘဲ။ စာသင်နေတဲ့ဆရာမတယောက်ကနေ ဆရာဝန်ကို မေးခွန်းတခုမေးတယ်။ ကျန်းမာရေး မဟုတ်ပါ။
ဆရာမ = ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလား။
ဟာ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။ ဆေးပညာကိုသာ သိတယ်။
ဆရာမ = ဆရာ တကယ်သိချင်နေတာ။ တနေ့က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟော တရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။
ညက အိပ်မပျော်ခင် စဉ်းစားနေခဲ့သေးတယ်။ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ်ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဆက်တွေးအုံးမယ်။ ရေးဖြစ်မလားတော့ မပြောတတ်ဘူး။ ဘာသာရေး ရေးရတာမှာ အတော် သတိထားရမယ်။
ဆရာမ = ကျမလေ အနုပညာရဲ့တိကျတဲ့အဓိပ္ပါယ်ကို သိချင်လာတယ်။ ကျမမှာက စွယ်စုံကျမ်းမရှိဘူး။
မြန်မာအဘိဓာန်ကိုကြည့်တော့ စာပေဂီတ၊ ပန်းချီစသော နူးညံသောအရာလို့ပဲပါတယ်။ စွယ်စုံကျမ်းမှာ ၁ဝ မျက်နှာ ရှိတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်းတို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကိုလှုပ်ရှားစေနိုင်သောပညာ၊ စေတနာအလျှောက် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးရသောပညာ၊ အနုပညာကို ခံစားရသူတို့မှာ ရသကိုဖြစ်ပေါ်လာစေလို့ ရသပညာလို့လည်းခေါ်တယ်။
ဆရာမ = ခံစားမှု အကောင်းအဆိုး အားလုံးအကျုံးဝင်မှာပေါ့နော်။
ဟုတ်။ ဆရာ မုံရွာစတိတ်တူးကျောင်းမှာနေရတုန်းက ရုပ်ရှင်မင်သား ထွန်းဝေလာတော့ ပြောသွားတာ ကြားလိုက်တယ်။ အနုပညာဆိုတာ အတုပညာတဲ့။ အနုပညာအစွမ်းကြောင့် ဝမ်းမြောက်၊ ဝမ်းနည်း၊ ကရုဏာသက်၊ စက်ဆုပ်၊ အားတက်၊ ထိန့်လန့်၊ အံ့သြ၊ တည်ငြိမ်၊ စတာတွေကိုဖြစ်ပေါ်လာစေနိုင်တယ်။ အဲတာတွေကို အလင်္ကာလို့လည်းခေါ်တယ်။ စိတ်အရသာ (ကိုးပါး) လို့လည်း ခေါ်တယ်။ သိပ္ပံပညာကနေ အသိတရားကို ဖေါ်ထုတ်ပေးတယ်။ အနုပညာကနေ စေတနာကို လှုံ့ဆော်နှိုးဆွပေးတယ်။ သိပ္ပံပညာက အကြောင်းတရားကို ရှာဖွေပေးပြီး၊ အနုပညာက အကျိုးတရားကို ဖွဲ့ပြတယ်။ အနုပညာကို ပါဠိလို သုခုမပညာလို့ခေါ်တယ်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်၊ အတီးအမှုတ်ပညာတွေလည်း အကျုံးဝင်တယ်။
ဆရာမ = တရားတွေကိုရော အနုပညာလို့ ပြောလို့ရသလားဆရာ။
ရှေးစကားတခု ထပ်ကိုးကားပါအုံးမယ်။ မုံရွာ စတိတ်တူးကျောင်းကိုဘဲ ရန်ကုန်ဘဆွေလာပြီး ပြောဟောတယ်။ သူက လက်ဝဲသမားနဲ့တူပါရဲ့ နတ်ပြည်ဆိုတာ မြင့်မိုတောင်ထိပ်မှာရှိတယ်ဆိုရင် နတ်ဦးရေ ဘယ်လောက် နေနိုင်မှာလဲလို့ ဝေဖန်တယ်။ ကိုးတန်းကျောင်းသား စဉ်းစားရတာပေါ့။ မိလိန္ဒပဉှကိုဖတ်မိတဲ့ အရွယ်ရောက်မှ သစ်သားချောင်းတခုထဲကို သံမှိုရိုက်သွင်းတဲ့ဥပမာ တွေ့လာခဲ့တယ်။ သူဝေဖန်တာကိုလည်း တဖက်သတ်တော့မမြင်ပါ။ ဘာသာတရားစာပေတွေကို ရေးဖွဲ့ကြသူတချို့ လွန်ကဲတယ်လို့ ထင်မိတယ်။ စာပန်းချီလို့တင်စားတာမျိုး။ ဖတ်မိသူ၊ ကြည့်မိသူ၊ နာကြားရသူတွေရဲ့ စိတ်ကို အလွန်အကြူး ဆွဲဆောင်မှုရှိစေပြီး ကဲလွန်တဲ့စိတ်လှုပ်ရှားမှုကို ပေးတယ်။ စေတနာတော့ အမှန်ဖြစ်ပါမယ်။ သင့်မှန်တယ်မထင်ပါ။ မြတ်စွာဘုရား ပထမဆုံး ဟောခဲ့ရတဲ့တရားတော်ဟာ အစွန်းနှစ်ပါးလွတ်ဖို့ဖြစ်တယ်။ အဘိဓမ္မာ မလာသေးဘူး။ ရန်ကုန်ဘဆွေကပါပဲ သုံးထပ်သားပြားပေါ်မှာ သစ်ပင်ပုံ ဆွဲပေးပါတယ်။ ပင်စည်မှာ သောက်ရေအိုးတလုံး ထားပေးလိုက်တော့ အားကစားလုပ်ကြလို့ မောပန်းနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို အမောပြေစေတယ်။ တကယ့်ညောင်ပင်က ရေချမ်းစဉ်မှာသောက်ရသလို ခံစားမှုကို ပေးစွမ်းတယ်မဟုတ်ပါလား။
ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၁၅
Comments
Post a Comment