(တင်မိုး)
ပုဂံကျောင်းက ခေါင်းလောင်းသံ မှ
ပြောင်းတတင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ်။
ကျုပ်မြေးတွေက ပေးခဲ့တယ်။
လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ ၊ လျက်ဆားစသည်
ကျောင်းကဘုန်းကြီး ပေးခဲ့တယ်။
သမီးအငယ် ၊ အိမ်ထောင်သယ်က
နေ့လယ်နေ့ခင်း ၊ ခံတွင်းချင်ပြေ
အပျင်းပြေအောင်
အဖေလဲဝါး ၊ ဧည့်လဲစား-တဲ့
လက်ဖက်သားကလေး ပို့ခဲ့တယ်။
ဝါကျွတ်ရက်က
ထညှက်ဖြူဆုပ် ၊ ပေါက်ပေါက်ဆုပ်တဲ့ . . .
မွေးစုတ်တဘက် ၊ ချည်စောင်ကွက်တဲ့ . . .
သက်ကြီးဝါကြီး ကန်တော့ကြတယ်။
ငှက်ပျောသီးနဲ့ အုန်းသီးတလုံး ၊ ဘ မသုံးဖူး
ဘုန်းကြီးလှူလိုက်ရသေးရဲ့။
အဘဆီက
ရှေးကသီချင်း ၊ တက်ကြယင်းနဲ့
နင်းကြနှိပ်ကြ ၊ ပြုစုကြနဲ့
ကာလသားတွေ ၊ စည်ပါပေကွယ်
ပုလွေမယ်ဒလင် ၊ ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ။
အဘအိုရဲ့
ပုံတိုပတ်စ ၊ ကြားချင်ကြသတဲ့
ညခင်းညခါ ၊ ဝိုင်းလို့လာတဲ့
ရွာက ကလေး ၊ အဘမြေးတွေ
အေး . . အေး . . ပြောရသေးတာပ။
အဘအိမ်သား ၊ ကွယ်လွန်သွားလဲ
ဝမ်းခါးမပူရပေဖူး။
အဘရဲ့သား ၊ ရန်ကုန်သွားလဲ
စိတ်အားမငယ်ရပေဖူး။
သည်မြေသည်ရွာ ၊ အဘရွာပေါ့။
ရွာသူရွာသား ၊ အဘသားပေါ့။
ရွာက ကလေး ၊ အဘမြေးပေါ့။
သမီးနဲ့သား ၊ မြေးငယ်များတို့
ငါ့ရှာနားက
တဖဝါးတောင် ၊ ခွာနိုင်ပေါင်ဗျာ
နောင်ဘဝလဲ ၊ ဘ မခွဲဖူး
ခုလဲသည်မှာ ခေါင်းချမယ်။
(တင်မိုး)
(၁၁-၅-၇၃ က ရေးလက်စကို ၁၂-၁၂-၇၆တွင် အပြီးသတ်သည်။)
မူရင်းမပျက် တင်ပေးထားသူ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment