Skip to main content

ခေတ်ဆိုတာ အစဉ်တစိုက်ပြောင်းနေတယ်

“အသံမထွက်ခေတ်”

၁၉၉၀ ကနေ ၂၀၁၂ ခုနှစ်အထိ လှိုင်းတိုရေဒီယိုကနေလာတဲ့ ကျွန်တော့အသံကို ကြားရလေ့ရှိပါမယ်။ နိုင်ငံရေး။ နိုင်ငံရေး။ 

ပြည်ပအသံလွှင့်ဌာနတွေကနေ ရုပ်မြင်သံကြားပေါ်လာတော့ ရုပ်ကိုပါမြင်ကြပါမယ်။ နိုင်ငံရေး။ နိုင်ငံရေး။

အဲဒီခေတ်ကာလတွေမှာ ပြည်တွင်းကနေ အသံမထွက်ရဲကြပါ။ အပြင်နေသူတွေကနေ ပြောဆို ဖြေကြားပေးကြရပါတယ်။ 

၂၀၁၂ လောက်စပြီး အထဲကအသံတွေ ကြားလာရပြီ။ ကျွန်တော်တို့အသံ နည်းနည်းတိုးသွားပြီ။

၂၀၂၁ ကစပြီး အပြင်ကအသံတွေ ကျယ်လောင်လာပြန်တယ်။ ကျွန်တော်လည်း တပိုင်းတစတော့ပါတယ်။ အထဲကအသံမထွက်ကြတော့ပါ။ အထဲကထွက်တဲ့အသံ ဘယ်လိုအသံလည်း သိကြပါသည်။ အသံကောင်းကြပါသည်။

အပြင်မှာလည်း ကိုယ့်ထက်တာဝန်ရှိသူတွေ အများကြီးရှိလာလို့ လူအိုလူဟောင်းတွေကို နည်းနည်းပါးပါးသာ မေးကြပါတော့တယ်။ လူရွေး မှန်တယ်။

၂၀၂၅ ခုနှစ်မှာ ယူအက်စ်အေ အခြေစိုက်အသံလွှင့်ဌာနတွေ ပါးစပ်ပိတ်တော့ ကျွန်တော်လည်းတိတ်ပြီ။

ခေတ်ဆိုတာ အစဉ်တစိုက်ပြောင်းနေတယ်။

ဆိုရှယ်မီဒီယာတွေမှာ သူရဲကောင်းတွေများတယ်။ အကုန်သိသူတွေများတယ်။

လူအိုလူဟောင်းတွေကို နည်းနည်းပါးပါးတောင်မှ မလိုအပ်တော့ပါ။

ကျွန်တော်တို့ ကျောင်းသားခေတ်က လစဉ်မဂ္ဂဇင်းထဲမှာ တင့်တယ်က ဘကြီးမွှန်းပုံပြင်များရေးပါတယ်။ 

ရပ်ထဲရွာထဲမှာလည်း ကွပ်ပျစ် ရေနွေးကြမ်းဝိုင်းတွေ ရှိတယ်။ လူကြီးသူမတွေစကား လူရွယ်တွေက ထိုင်နားထောင်ကြရတယ်။

ခေတ်ဆိုတာ အစဉ်တစိုက်ပြောင်းနေတယ်။

နာထောင်လိုသူထက် ပြောဆိုလိုသူက ပိုများလာတယ်။ လူအိုလူကြီးထက် တော်တတ်သိသူတွေကလည်း ပေါလာတယ်။

ကျွန်တော်လည်း အသံတိတ်ပြီ။ တိုတိုထွာထွာ စာနဲ့သာ ရေးပါတော့တယ်။ နိုင်ငံရေးတော့ အရေးနည်းပြီ။

ကိုယ့်ထက်တာဝန်ရှိသူတွေက ပြောဆိုနေကြပြီ။ တာဝန်ရယ်လို့မရှိဘဲ ပြောတာတွေက ပိုများလွန်းလှသည်။ လူကြိုက်များရင် လူစွမ်းကောင်း။

ကွမ်းအစ်ခေတ်လည်း ကုန်ပြီ။ ဝါးကွပ်ပျစ်လည်း မရှိတော့ပါ။ အားလုံးက ဇူးမ် ပေါ်မှာ။

လူအိုတွေ အသံမထွက်ကြရတော့တဲ့ခေတ်။ သူ့ခေတ်နဲ့သူ လိုက်ဖက်ညီပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ