၁၉၉၀ ကနေ ၂၀၁၂ ခုနှစ်အထိ လှိုင်းတိုရေဒီယိုကနေလာတဲ့ ကျွန်တော့အသံကို ကြားရလေ့ရှိပါမယ်။ နိုင်ငံရေး။ နိုင်ငံရေး။
ပြည်ပအသံလွှင့်ဌာနတွေကနေ ရုပ်မြင်သံကြားပေါ်လာတော့ ရုပ်ကိုပါမြင်ကြပါမယ်။ နိုင်ငံရေး။ နိုင်ငံရေး။
အဲဒီခေတ်ကာလတွေမှာ ပြည်တွင်းကနေ အသံမထွက်ရဲကြပါ။ အပြင်နေသူတွေကနေ ပြောဆို ဖြေကြားပေးကြရပါတယ်။
၂၀၁၂ လောက်စပြီး အထဲကအသံတွေ ကြားလာရပြီ။ ကျွန်တော်တို့အသံ နည်းနည်းတိုးသွားပြီ။
၂၀၂၁ ကစပြီး အပြင်ကအသံတွေ ကျယ်လောင်လာပြန်တယ်။ ကျွန်တော်လည်း တပိုင်းတစတော့ပါတယ်။ အထဲကအသံမထွက်ကြတော့ပါ။ အထဲကထွက်တဲ့အသံ ဘယ်လိုအသံလည်း သိကြပါသည်။ အသံကောင်းကြပါသည်။
အပြင်မှာလည်း ကိုယ့်ထက်တာဝန်ရှိသူတွေ အများကြီးရှိလာလို့ လူအိုလူဟောင်းတွေကို နည်းနည်းပါးပါးသာ မေးကြပါတော့တယ်။ လူရွေး မှန်တယ်။
၂၀၂၅ ခုနှစ်မှာ ယူအက်စ်အေ အခြေစိုက်အသံလွှင့်ဌာနတွေ ပါးစပ်ပိတ်တော့ ကျွန်တော်လည်းတိတ်ပြီ။
ခေတ်ဆိုတာ အစဉ်တစိုက်ပြောင်းနေတယ်။
ဆိုရှယ်မီဒီယာတွေမှာ သူရဲကောင်းတွေများတယ်။ အကုန်သိသူတွေများတယ်။
လူအိုလူဟောင်းတွေကို နည်းနည်းပါးပါးတောင်မှ မလိုအပ်တော့ပါ။
ကျွန်တော်တို့ ကျောင်းသားခေတ်က လစဉ်မဂ္ဂဇင်းထဲမှာ တင့်တယ်က ဘကြီးမွှန်းပုံပြင်များရေးပါတယ်။
ရပ်ထဲရွာထဲမှာလည်း ကွပ်ပျစ် ရေနွေးကြမ်းဝိုင်းတွေ ရှိတယ်။ လူကြီးသူမတွေစကား လူရွယ်တွေက ထိုင်နားထောင်ကြရတယ်။
ခေတ်ဆိုတာ အစဉ်တစိုက်ပြောင်းနေတယ်။
နာထောင်လိုသူထက် ပြောဆိုလိုသူက ပိုများလာတယ်။ လူအိုလူကြီးထက် တော်တတ်သိသူတွေကလည်း ပေါလာတယ်။
ကျွန်တော်လည်း အသံတိတ်ပြီ။ တိုတိုထွာထွာ စာနဲ့သာ ရေးပါတော့တယ်။ နိုင်ငံရေးတော့ အရေးနည်းပြီ။
ကိုယ့်ထက်တာဝန်ရှိသူတွေက ပြောဆိုနေကြပြီ။ တာဝန်ရယ်လို့မရှိဘဲ ပြောတာတွေက ပိုများလွန်းလှသည်။ လူကြိုက်များရင် လူစွမ်းကောင်း။
ကွမ်းအစ်ခေတ်လည်း ကုန်ပြီ။ ဝါးကွပ်ပျစ်လည်း မရှိတော့ပါ။ အားလုံးက ဇူးမ် ပေါ်မှာ။
လူအိုတွေ အသံမထွက်ကြရတော့တဲ့ခေတ်။ သူ့ခေတ်နဲ့သူ လိုက်ဖက်ညီပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment