သတ်ပုံတွေက မြန်မာစာ ပါမောက္ခ ဦးချမ်းမြ (မြကေတု) ခေတ်လိုသာဆို ကောင်းပါမည်။
ဆရာတင်မိုး သုခုမတက္ကသိုလ်ကဗျာလိုဆိုလည်း ကောင်းပါမည်။
သုခုမတက္ကသိုလ်
(နွယ်သာကီသံဖြတ်)
ရေပြာရွှေကြာ ဝေဆာမွှေးသပ
ရွှေညာကျေးက တက္ကသိုလ်ရှင့်။
ပုဏ္ဏမာ ဂုဏ်ဝါ စုံစွာကျင်း
ဘုံပါလင်းတဲ့ တက္ကသိုလ်။
ကမ္ဘာတုန် စာစုံ အညာဂုဏ်ပျိုးတဲ့
ရတနာပုံမြို့က တက္ကသိုလ်။
နံ့သာမွှေးမြ ပန်းတခက်လို
အညာကျေးက မန်းတက္ကသိုလ်။
နေခြည်အစောင်း
လေပြည်လောင်းတော့
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ
ရေနီမြောင်းက လွမ်းလောက်စရာလေ့
တိမ်တန်းဆင်လို့ ရီပြာပြာ
စိန်ပန်းပင်တို့ နီတျာတျာ။
ကျောင်းအဝင်လမ်းက ကျက်သရေ
ထနောင်းပင်တန်းက အခက်ဝေရှင့်။
ရှမ်းရိုးမက မြူခိုးဝေယင်
လွမ်းမိုးကျလို့ ပူမျိုးထွေသရှင်။
ဆရာတပည့် လက်တွဲညီစွာငယ်
ကမ္ဘာသိတဲ့ တက္ကသီိလာရယ်။
အနုအလှတို့ မက်သလို
သုခုမမြို့ တက္ကသိုလ်လေ့။
မေခပင်းတို့ ဘက်ညီကာ
ရွှေခြေကျင်းတို့ တက္ကသီလာတော့။
မေလွမ်းယောင်လို့ တ, တဲ့အခါနော်
ရွှေမန်းဆောင်သို့ ကြွခဲ့ပါတော်။
လောကီအပေါင်းကို ခွာပါချင်လျှင်
ဗောဓိကျောင်းသို့ လာပါရှင်။
အလို ဖရက်ရှာကလေး
ရက်ကြာမနှေးစေနှင့်
အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီမှ
ရွှေညာသူ ပျိုဖြူတသိုက်ကယ်တို့
အမျှော်စိုက်ကာ ရွှင်ချိုချိုပ
သပြေညို အောင်ညွန့်ပန်းတွေနဲ့
လက်ကမ်းကာ ကြိုနှင့်မယ်လေး။ ။ (တင်မိုး)
၁၉၇၀ မတိုင်ခင်ကပညာသင်ခဲ့တဲ့ ကျောင်းသူက သူအလွတ်ရသေးတဲ့အပိုဒ်တွေကို ရွတ်ပြနေတယ်။ ကျွန်တော်ကတော့ အခုမှသာ သေချာဖတ်ဖူးတာ။
ဆရာ့ကဗျာထဲကလို ရွှေခြေကျင်းတော့ ကျောင်းသူတွေက မဝတ်ကြပါ။ စျေးချိုသူတွေရဲ့သရုပ်ကိုပါ ပေါ်စေအောင် စပ်ဆိုတယ်လို့ ထင်ပါတယ်။ ဆရာရေးတာ တကယ့်ကို မန်းဆန်တယ်။ နန်းဆန်တယ်။ တောဆန်တယ်။ အညာဆန်တယ်။ ကျောင်းသူတွေဟာ ဝတ္ထုဇာတ်ကောင်တွေ ရုပ်ရှင်မင်းသမီးတွေနဲ့ မတူပါ။ ဆရာကဗျာဖတ်ပြီး ချစ်ဖို့ နှစ်လို့ဘွယ်ရာ မန်းတက္ကသိုလ် ကျောင်းတော်မဟာကို လွမ်းနေကြမှာပါ။
အခုတော့ အညာကျေးက မန်း (တစ်ကသိုလ်) မှာ မေလွမ်းယောင်လို့ (တစ်)တဲ့အခါနော် တဲ့။ နံ့သာမွှေးမြ ပန်း(တစ်) ခက်လို တဲ့။ နံ၏။
ပုံ ပြန်ကြားရေးဝန်ကြီးဌာန
ဒေါက်တာတင့်ဆွေ

Comments
Post a Comment