Skip to main content

မန္တလေးတက္ကသိုလ် နှစ်တရာပြည့်

မန္တလေး တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းသတင်း တင်ထားတာတခု တွေ့ပါတယ်။ ကျေးဇူး။

သတ်ပုံတွေက မြန်မာစာ ပါမောက္ခ ဦးချမ်းမြ (မြကေတု) ခေတ်လိုသာဆို ကောင်းပါမည်။

ဆရာတင်မိုး သုခုမတက္ကသိုလ်ကဗျာလိုဆိုလည်း ကောင်းပါမည်။

သုခုမတက္ကသိုလ်

(နွယ်သာကီသံဖြတ်)

ရေပြာရွှေကြာ ဝေဆာမွှေးသပ

ရွှေညာကျေးက တက္ကသိုလ်ရှင့်။

ပုဏ္ဏမာ ဂုဏ်ဝါ စုံစွာကျင်း

ဘုံပါလင်းတဲ့ တက္ကသိုလ်။

ကမ္ဘာတုန် စာစုံ အညာဂုဏ်ပျိုးတဲ့

ရတနာပုံမြို့က တက္ကသိုလ်။

နံ့သာမွှေးမြ ပန်းတခက်လို

အညာကျေးက မန်းတက္ကသိုလ်။

နေခြည်အစောင်း

လေပြည်လောင်းတော့

ဆွေမဒီအပေါင်းက လမ်းလျှောက်လာ

ရေနီမြောင်းက လွမ်းလောက်စရာလေ့

တိမ်တန်းဆင်လို့ ရီပြာပြာ

စိန်ပန်းပင်တို့ နီတျာတျာ။

ကျောင်းအဝင်လမ်းက ကျက်သရေ

ထနောင်းပင်တန်းက အခက်ဝေရှင့်။

ရှမ်းရိုးမက မြူခိုးဝေယင်

လွမ်းမိုးကျလို့ ပူမျိုးထွေသရှင်။

ဆရာတပည့် လက်တွဲညီစွာငယ်

ကမ္ဘာသိတဲ့ တက္ကသီိလာရယ်။

အနုအလှတို့ မက်သလို

သုခုမမြို့ တက္ကသိုလ်လေ့။

မေခပင်းတို့ ဘက်ညီကာ

ရွှေခြေကျင်းတို့ တက္ကသီလာတော့။

မေလွမ်းယောင်လို့ တ, တဲ့အခါနော်

ရွှေမန်းဆောင်သို့ ကြွခဲ့ပါတော်။

လောကီအပေါင်းကို ခွာပါချင်လျှင်

ဗောဓိကျောင်းသို့ လာပါရှင်။

အလို ဖရက်ရှာကလေး

ရက်ကြာမနှေးစေနှင့်

အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီမှ

ရွှေညာသူ ပျိုဖြူတသိုက်ကယ်တို့

အမျှော်စိုက်ကာ ရွှင်ချိုချိုပ

သပြေညို အောင်ညွန့်ပန်းတွေနဲ့

လက်ကမ်းကာ ကြိုနှင့်မယ်လေး။   ။ (တင်မိုး)

၁၉၇၀ မတိုင်ခင်ကပညာသင်ခဲ့တဲ့ ကျောင်းသူက သူအလွတ်ရသေးတဲ့အပိုဒ်တွေကို ရွတ်ပြနေတယ်။ ကျွန်တော်ကတော့ အခုမှသာ သေချာဖတ်ဖူးတာ။ 

ဆရာ့ကဗျာထဲကလို ရွှေခြေကျင်းတော့ ကျောင်းသူတွေက မဝတ်ကြပါ။ စျေးချိုသူတွေရဲ့သရုပ်ကိုပါ ပေါ်စေအောင် စပ်ဆိုတယ်လို့ ထင်ပါတယ်။ ဆရာရေးတာ တကယ့်ကို မန်းဆန်တယ်။ နန်းဆန်တယ်။ တောဆန်တယ်။ အညာဆန်တယ်။ ကျောင်းသူတွေဟာ ဝတ္ထုဇာတ်ကောင်တွေ ရုပ်ရှင်မင်းသမီးတွေနဲ့ မတူပါ။ ဆရာကဗျာဖတ်ပြီး ချစ်ဖို့ နှစ်လို့ဘွယ်ရာ မန်းတက္ကသိုလ် ကျောင်းတော်မဟာကို လွမ်းနေကြမှာပါ။

အခုတော့ အညာကျေးက မန်း (တစ်ကသိုလ်) မှာ မေလွမ်းယောင်လို့ (တစ်)တဲ့အခါနော် တဲ့။ နံ့သာမွှေးမြ ပန်း(တစ်) ခက်လို တဲ့။ နံ၏။

ပုံ ပြန်ကြားရေးဝန်ကြီးဌာန

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ