Skip to main content

ကဗျာလောက

ဆရာခင်ဗျား မော်ဒန်ကဗျာလောက တနည်း ကာရန်မဲ့ကဗျာလောကကို ဆရာဘယ်လိုရှုမြင်ပါသလဲ ခင်ဗျား တချို့ကတောကဗျာဆိုတာ ခက်ခက်ခဲခဲနဲကာရန်ပါနေမမဟုတ်ဘဲ စာဖတ်သူကို ခံစားချက်တခုအတွေးတခုပေးလိုက်နိုင်ရင် ကဗျာလို့ ခေါ်ပါတယ်တဲ တချို့ကြတော့လည်း ကာရန်မပါ အသံမသာရင် ကဗျာလို့ ဘယ်ခေတ်ခါကမှ မသတ်မှတ်ခဲ့တဲ့အတွက် ကာရန်မဲ့လောကဟာ ကဗျာမဟုတ်ဘူးလို့ ဆိုပြန်ပါတယ် ဆရာ့ရှုထောင့်ကို သိမြင်ပါရစေခင်ဗျား

ဟုတ်။ မေးလို့တော့ ကျေးဇူး။

ကျွန်တော်က ကဗျာသမား မဟုတ်ပါ။ ငယ်ငယ်က အမေ့ရဲ့ ကလေးချော့ကဗျာတွေနဲ့ ကြီးလာရတယ်။

ရွှေလမှာ ယုန်ဝပ်လို့

ဆန်ဖွပ်တဲ့ အဖိုးအို

ဟောကြည့်ပါဆို

ဆိုသာဆို ပိုမိုတဲ့စကား

ကလေး အငိုတိတ်အောင် အရိပ်အရောင်ပြတယ်

ဖိုးလနတ်သား။ ။

မုံရွာမှာ ကျောင်းနေတော့ လယ်တီဆရာတော်ကြီး လင်္ကာတွေကို နေ့စဉ်လိုလို ကြားရတယ်။

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊

ကျောင်းစာအုပ်မှာ ဦးပုညဝတ္ထုလေးပုဒ်

တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊ ဝင်းဝင်းနီလျှပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ ပဒုမာဇာတ်၊ သတ္တုပ္ပလ၊ ကြာမုံရွကို၊ ရသောအခါ၊ ဝတ်ညှာဝတ်ဆံကို၊ နှာတံဖြင့် သယ်ပြီးလျှင်၊ ထိပ်လယ်ဦးကင်း၌၊ လေညှင်းမှုတ်ဖျန်းလျက်၊ ကြာပန်းဖြန့်ကြဲတော်မူသတည်း။ ။

ဦးကြင်ဥ ပဒေသာသီချင်းများ သင်ရတယ်။

တန်ခူးလဘွဲ့

အော် ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုစွန်ရိုး၊ ရွာစကျွန်ငယ်၊ သံဝှန်ဖြိုးမျှ၊ မြူခိုးငယ်မျှောင်ချွေ၊ ထောင်ရောင်နေလဲ၊ မဇ္ဈေလမ်းကွန့်၊ ပြင်ခန်းစွန့်မို့၊ ကိုက်ညွန့်ငယ်ဖူးစီ၊ ဂေါ်ငွေခိုင်ဝတ်၊ လေယိုင်ညွတ်သည်၊ ဖက်ဆွတ်ချီနှင့်၊ ယဉ်သီဒါပျို့၊ သောင်ကမ်းစို့မှာ၊ နှစ်ကိုယ့် တကိုယ်၊ ဟင်္သာသောင်တင်း၊ ရွှေပိန်ညှင်းတို့၊ ချစ်တင်းဆိုသည်၊ မ ဖိုတောင်ဖြန့် ဝဲတော့တယ်။ ။

ဒေဝကုမ္ဘန် တအုပ်လုံး အလွတ်ရတယ်။ ကာရန်ပါတော့ လွယ်တယ်။

နောက်တော့ ကဗျာမျိုးစုံ ဖတ်ရတယ်။

ဆရာဇော်ဂျီ နဲ့ ဆရာမင်းသုဝဏ်ကဗျာတွေကို သတ်ပုံပြင်ခေတ်မှာ ကျောင်းသုံးစာအုပ်တွေနဲ့ ပြန်ထုတ်စာအုပ်တွေမှာ မူရင်း စာလုံးပေါင်းသတ်ပုံတွေကို ပြင်ထားကြပါတယ်။ အဲလို မလုပ်ကောင်းပါ။ မလုပ်ရပါ။

မကြိုက်ဆုံးကတော့ စာလုံးပေါင်း သတ်ပုံမဲ့ ကဗျာတွေ။

ဒေါက်တာတင့်ဆွေ

Comments