ပုဂံကို ၈၄၉ မှာထူထောင်နိုင်ခြင်းဟာ ဗမာလူမျိုးတွေ ခေါင်းထောင်လာနိုင်ခြင်းလို့ ရာဇဝင်မှာ အခန်းတခုအနေနဲ့ရေးတယ်။ တိဘက်တိုဘာမင်းနွယ်တွေ ဖြစ်တယ်။ ဗမာစကားပြောတယ်။ ဧရာဝတီဘေးက ပုဂံကိုဗဟိုပြုတယ်။ ၉ ရာစု အလယ်က စပြီး အင်အားကြီးနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်။ ၈ ရာစုကနေ ၉ ရာစုအတွင်း တရုပ်ပြည်အနောက်တောင်ပိုင်းမှာ နန်ချောင်မင်းဆက် စိုးစံနေတယ်။ အရှေ့တောင်အာရှကိုချဲ့ထွင်လာတယ်။ ၈၆၁ မှာ ဟနွိုင်းကိုသိမ်းတယ်။ မွန်နဲ့ ခမာကိုလည်း သိမ်းတယ်။ ပျူမြို့တော် ဟန်လင်းကြီးသိမ်းတယ်။
တချိန်တည်းမှာ မြန်မာပြည်အောက်ပိုင်းမှာ မွန်ကသာကြီးစိုးထားတယ်။ ပုသိမ်နဲ့ ပဲခူးကိုပါကြီးစိုးရေးလုံးပမ်းနေတယ်။
ထေရဝါဒဗုဒ္ခဘာသာ အိန္ဒိယကနေကွယ်ပြီ။ ဟင်ဒူတွေပြန်ပြီးလွှမ်းမိုးလာတယ် ကနေ့အထိဖြစ်တယ်။ ၁ဝ၄၄ ကစပြီး အနော်ရထာမင်းက ပုဂံကိုစုစည်းနိုင်လာတယ်။ ၁၈၈၆ အင်္ဂလိပ်သိမ်းတဲ့အထိ မြန်မာပြည်ဟာ တက်လိုက်ကျလိုက် ရှိတယ်။ အနော်ရထာက ရှမ်းတွေနဲ့မိတ်ဆွေလိုဆက်ဆံတယ်။ စီးပွါးရေးတောင့်တင်းအောင် ရေသွင်းစိုက်ပျိုးရေး လုပ်ပေးတယ်။ ထေရဝါဒဗုဒ္ခဘာသာ ယူသွင်းလိုက်တယ်။ ကနေ့အထိ ရှင်သန်ထွန်းကားတယ်။ ကျန်စစ်သား (၁၀၈၄-၁၁၁၂) နဲ့ အလောင်းစည်သူမင်း (၁၁၁၂-၁၁၆၇) တွေဟာ ဘုန်းတန်ခိုးကြီးကြတယ်။ မွန်ပညာသည်တွေကြောင့် အနုလက်မှုပညာတွေရတယ်။ စေတီပုထိုးတွေ ၄၀၀၀ လောက်တည်ထားကိုးကွယ်တယ်။ ရဟန်းတော်တွေများပြားလို့ တိုင်းပြည်ရဲ့အင်အားစုတခုဖြစ်လာတယ်။ တချိန်တည်းမှာ အင်အားဆုတ်ယုတ်မှုလည်း ဖြစ်တယ်။ ၁၃ ရာစုအကုန်မှာ ပုဂံအင်အားကျဆင်းလာတော့တယ်။ မွန်ဂိုတွေ ခြိမ်းခြောက်လာတယ်။ ပထမ (မွန်ဂို) ကျူးကျော်မှု (၁၂၇၇-၁၂၈၇) ရှိခဲ့တယ်။ ပုဂံကို ၁၂၅၀ မှာ ကူဗလေခန်ရဲ့ မွန်ဂိုတပ်က ဖျက်ဆီးတာ ခံလိုက်ရတယ်။
၂၀၁၆ ခုနှစ်လယ်လောက်က Save the Bagan လို့ရေးနေကြတာတွေ့တယ်။ Save Bagan လို့သာ ရေးသင့်တယ်။
မယ်တို့ ကြားကုန်လော့
ရှေးဖျား ပုဂံပြည်မှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင်
မင်းကောင်း နော်ရထာတဲ့
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘဝင်မှာ အမြင်မှန်းကာပ
တမ်းတ၍ ကြည်ညိုပါ။
ဪ ပြည်မြန်မာခေတ်ထူး
ရာဇဝင်မှာ စာတင်လို့ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင်၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ်ခြံအရံ၊ မြန်မာနယ့်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြည်ပုဂံ၊ ရဲစစ်တပ်ပြန်မှာ။
အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာတချီချီနဲ့
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။
လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ၊ ချက်ချင်းပဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
အလေးမမူ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့်၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ဝံ့မတုံးတဲ့။
ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပ
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ပုဂံမှာ
မြန်မာတို့ခေတ်ဟောင်း။
စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်းပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်လို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘဝဂ်က ပြန်ပါရော့။
တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြည်ပုဂံ နော်ရထာဘုန်းငဲ့ပြင်
ပြည်လုံး ညီညာတော့
ဤကမာ္ဘမှာ ပြည်မြန်မာရယ်လို့ ဝင်းခဲ့သ
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့
ရွှေစည်းခုံ ခြေတော်ရင်းဆီ
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညင်းဆိုခဲ့ကြောင်း။ ။ ဇော်ဂျီ (ဂန္ထလောက၊ မေ၊ ၁၉၃၆)
မြန်မာ'တစ်တွေ' မှာ မဟုတ်ပါ။ ဟို'တစ်ခေတ်ကိုဖြင့်' မဟုတ်ပါ။ 'တစ်ရွှင်ရွှင်နဲ့' မဟုတ်ပါ။ မြန်မာနယ့်'တစ်ရိုး' မဟုတ်ပါ။ တပ်ဦးမှာ'တစ်ချီချီနဲ့' မဟုတ်ပါ။ 'တစ်နှစ်တွင်းမှာ' မဟုတ်ပါ။ 'တစ်လူရှားလောက်ရဲ့' မဟုတ်ပါ။ ကိုယ့်မျိုးဂုဏ် 'တစ်မာန်တက်ပေလိမ့်' မဟုတ်ပါ။ 'တစ်စိတ်ဝမ်း တစ်လက်ညီ' မဟုတ်ပါ။
နောက်လူတွေက သတ်ပုံကိုသူတို့လိုသလိုပြင်ပြီး ရေးတင်ကြတယ်။ ရိုက်နှိပ်ထုတ်ဝေ ရောင်းချကြတယ်။ အဲလို မလုပ်ကောင်းပါ။ အမှား ရောင်းမစားသင့်ကြပါ။ မြန်မာစာကိုလည်း မဖျက်သင့်ပါ။ သမိုင်းကိုလည်း မပြင်သင့်ပါ။ တိုင်ပြည်အမွေအနှစ်ကိုလည်း နိုင်ငံရေးအမြတ်မထုတ်သင့်ကြပါ။
မြန်မာစာကိုရေးတဲ့အခါ ရှေးကဟာတွေလာမပြောနဲ့တဲ့။
မောင်တို့ ကြားကုန်လော့။
ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၉

Comments
Post a Comment