(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
"သဘိ-သဘိ မှောက်မှောက်၊ သဘိ-သဘိ မှောက်မှောက်"
ဆိုတဲ့သံပြိုင် ဟစ်ကြွေးသံတွေနဲ့အတူ ကျွန်တော်အိပ်ရာက နိုးလာခဲ့တာဟာ ၈-၈-၁၉၈၈ မနက်မှာဖြစ်ပါတယ်။ အကြီးဆုံးသားနဲ့အတူ ထားဝယ်သတ္တုတွင်း တည်းခိုရိပ်သာမှာ တည်းခိုနေကြရချိန်ဖြစ်ပါတယ်။ အစိုးရဆရာဝန် ဖြစ်ကတည်းက စစ်ကိုင်းတိုင်းထဲမှာသာ တောက်လျှောက် တာဝန်ကျနေရာကနေ ထားဝယ်မြို့နယ်၊ ဟိန်းဇဲသတ္တုတွင်းဆရာဝန်အဖြစ် ရွေ့ပြောင်းခံရလို့ တာဝန်ထမ်းနေခဲ့တာ တပါတ်တိတိသာရှိပါသေးတယ်။
ပုလဲမှာကျန်ရစ်တဲ့ မိသားစုဆီကို ဖုန်းဆက်ချင်လို့ ထားဝယ်ကိုလာရတာ။
သားအဖနှစ်ယောက် ထားဝယ်မြို့ထဲ လျှောက်ကြည့်ကြတယ်။ လူပေါင်းထောင်နဲ့ချီတဲ့ ဆန္ဒပြနေသူတွေထဲ ရောက်သွားလိုက်ကြ၊ ဘေးကနေလိုက်လိုက်ကြ။ ထားဝယ်စကားကိုနားမလည်ပေမဲ့ ဖြစ်နေတာတွေမှန်သမျှ ဘာသာပြန်စရာမလိုဘဲ သိပါတယ်။ တနေရာမှာတော့ အလှူခံလူငယ်တယောက်ရဲ့ ခွက်ဖလားထဲကို အကြီးဆုံး ပိုက်ဆံစက္ကူတရွက် ထည့်လှူလိုက်ပါတယ်။
ကျွန်တော့ ရှစ်လေးလုံးအတွေ့အကြုံဆိုတာ ဒီလောက်သာရှိတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုတခုလုံးကိုတော့ ရှစ်လေးလုံးအဖြစ်သနစ်ကြီးကနေ မထင်မှတ်တာတွေ၊ မမျှော်မှန်းတာတွေဟာ တသက်တာအတွက် ဆက်တိုက် ဖြစ်လာစေဘို့ သန္ဓေပေးလိုက်ပါတော့တယ်။
တိုင်းပြည်အခြေအနေတွေက အကြီးအကျယ်ပြောင်းလဲလာနေပါပြီ။ မဆလ အစိုးရဘယ်လိုမှ လုပ်မရတော့ပါ။ ထားဝယ်လူထုကိုကြည့်ပြီး၊ အလုပ်ခွင်ရှိရာ ဟိန်းဇဲသတ္တုတွင်းကို ပြန်မသွားတော့ဘို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ပိုင် ပစ္စည်းလေးတွေ ဒီအတိုင်းထားခဲ့တယ်။ အစိုးရအလုပ်ဆိုတာလည်း ကမ္မသကာ။ လစာ၊ ပြောင်းရွေ့ခရီးစရိတ်လည်း နောင်ခါလာ နောင်ခါဈေး။ ကိုယ်လိုပဲ ရှစ်လေးလုံးကနေ ဘဝတွေကို သွက်သွက်ခါ အပြောင်းခံရသူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။
ထားဝယ်ကနေ မိသားစုရှိရာ မုံရွာ-ပုလဲပြန်ဖို့ရာ ရန်ကုန်ကိုလေယာဉ်စီးပြီးမှ မီးရထားနဲ့ သွားရမယ်။ ထားဝယ်ကနေ လေယာဉ်မထွက်တော့ပါ။ လေဆိပ်ကို ၃-၄ ရက် သွားသွားစောင့်ကြရတယ်။ လေယာဉ်ကို လှမ်းမြင်နေရပေမဲ့ အောက်မဆင်းလို့ ပြန်လာရတယ်။ နောက်ဆုံးတော့ ထိုင်ခုံနှစ်နေရာရလို့ မြန်မာ့လေကြောင်းကို ကျေးဇူးတင်ပါတယ်။ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ မြို့ထဲသွားဘို့ တက်စီမရှိပြန်ပါ။ ဟိုမေးသည်မေး၊ နောက်ဆုံး ကားကြုံတစီးရပါတယ်။ အလွန်ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးမှာ ဘယ်သူဘယ်ဝါတွေကနေ ကိုယ့်ကိုကျေးဇူးပြုခဲ့သလဲလို့ မသိနိုင်တာ စိတ်မကောင်းပါ။ စစ်ထောက်လှမ်းရေးက လူမသိအောင်နှိပ်စက်သတ်ဖြတ်တဲ့အချိန်မှာ ရိုးစင်းတဲ့လူတွေကလဲ လူမသိအောင် အချင်းချင်းရိုင်းပင်း ကူညီခဲ့ကြတယ်။
တည်းခိုမဲ့ စမ်းချောင်းရောက်အောင် သစ်ပင်တွေ၊ အတားအဆီးတွေ အများကြီးကို ကျော်လွှားကြရတယ်။ တည်းမဲ့အိမ်က မိတ်ဆွေဖြစ်သူ ဗိုလ်မှူးတဦးအိမ်။ တခြားအဆင်ပြေတာက မရှိပါ။ ကျွန်တော်က မနက်နဲ့ ညနေတိုင်း အိမ်ရှေ့ဝရန်တာ ထွက်ပြီး နေရှင်နယ် ဓါတ်ခဲ ၂ လုံးသုံးရေဒီယိုကို လက်ကမချအောင် သတင်းနားထောင်တယ်။ BBC နဲ့ AIR က အဲဒီကာလမှာ ပေါ်ပြူလာအဖြစ်ဆုံးပါ။ ရေဒီယိုနားထောင်တာမှန်ပေမဲ့ စစ်ဗိုလ်အိမ်မှာတည်းနေတာမို့ လမ်းပေါ်ကလူတွေက ထောက်လှမ်းရေးလား အထင်မှားကြတာကိုသိလာတော့မှ ဆင်ခြင်ရပါတော့တယ်။
(BBC ကနေ သတင်းပေးခဲ့တဲ့ ခရစ်စတိုဖါဂဲနက် ကို နောက် နှစ်တွေအတန်ကြာတော့ နယူးဒေလီမှာ တွေ့ရတယ်။ AIR Supervisor ဦးမောသီရီကိုလည်း ၁၉၉၂ ခုကနေ သူကွယ်လွန်တဲ့အထိ အင်မတန်ရင်းနှီးခဲ့ပါတယ်။)
ရန်ကုန်-မန္တလေးမီးရထားလည်း မပြေးပါ။ ၄-၅ ရက်စောင့်ရပြီးမှ ရတယ်။ နောက်ဆုံးမှာတော့ ၁၅ နှစ်တိတိတာဝန်ထမ်းခဲ့တဲ့ အစိုးရအလုပ်ကို တကယ့်ဖေါင်ဖျက်သလို နောက်ကြောင်းမကြည့်တော့ပဲ မိသားစုရှိရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ပြန်ရောက်ပါတော့တယ်။ ခေတ်ပျက်ကြီးထဲမှာ မိသားစုပြန်လည်ပေါင်းဆုံနိုင်တာပါ။ အဲလိုပြန်လည်ပေါင်းဆုံးမှုမျိုးတွေကို နောင်မှာ ထပ်ခါထပ်ခါကြုံရပြန်ပါတယ်။ အဲလိုဖေါင်ဖျက်ရတာ သည်တခါတည်းသာမဟုတ်တာကို နောက်မှသိရပါတယ်။
မြို့က သေးပေမဲ့ ပုလဲမှာလည်း ရှစ်လေးလုံးလှုပ်ရှားမှုတွေဖြစ်ပါတယ်။ လူဦးရေကနည်းတော့ ဘယ်သူဘယ်ဝါ မသိမရှိပါ။ အစိုးရဝန်ထမ်းတွေပါ လမ်းပေါ်ထွက်အော်တယ်။ ကျွန်တော်က အစိုးရအလုပ်က မထွက်ရသေး။ ဆန္ဒပြသူတွေအတွက် ကိုယ့်ဖါကိုယ် ကြက်ခြေနီအဖွဲ့လုပ်ပြီး ကူညီရပါတယ်။ နောက်တက်လာတဲ့ စစ်အစိုးရကနေ ကြက်ခြေနီအဖွဲ့ကို သူတို့ရဲ့ အရံအင်အားအဖြစ် အသုံးချခဲ့တာကို တွေ့မြင်ရတော့ အတော်စိတ်နာပါတယ်။
သားတွေကလည်း သူတို့နည်းသူတို့ဟန်တွေနဲ့ လုပ်ကြတာ။ မခိုင်းရပါ။ ကျွန်တော့်ကိုလည်း ဘယ်သူကမှ လာမခိုင်းပါ။ စစ်အစိုးရကနေဝါဒဖြန့်တဲ့ ရှစ်လေးလုံးဖြစ်အောင် နောက်ကနေသွေးထိုးသူဆိုတဲ့ ဗကပ ဆိုတာကို ကျွန်တော် တစွန်းတစမှ မသိသေးချိန်ကပါ။
၁၉၈၈ ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါပြီ။ NLD ဖွဲ့ပါပြီ။ ဆရာမောင်သော်က ပုလဲအထိရောက်လာပါတယ်။ ကျွန်တော် အစိုးရဆရာဝန်အလုပ်က မထွက်ရသေးလို့ သူ့စကားဝိုင်းမှာ မပါနိုင်ခဲ့ပါ။ ဒါပေမဲ့ ပုလဲမှာ NLD ဖွဲ့ဘို့လုပ်ကြတော့ ကျွန်တော့်အိမ်က လူမသိစေတဲ့ဌာနချုပ် ဖြစ်လာပါတယ်။
၁၉၉၀ ခုနှစ် နိုဝင်္ဘာ နောက်ဆုံးပတ်မှာ ပုလဲနေအိမ်ကို လာဖမ်းတယ်။ ထွက်ပြေးတယ်။ လွတ်တယ်။ ၂ ပတ်တိတိ လုံခြုံစွာပုန်းနေခဲ့တယ်။ လူချင်းသိတဲ့ ပြည်သူတွေ၊ မသိတဲ့ပြည်သူတွေကနေ အကာအကွယ်ပေးကြတယ်။ ကျေးဇူး။
ဒီဇင်္ဘာ နောက်ဆုံးပတ်မှာ ပုလဲကနေ ဂန့်ဂေါကတဆင့် ဟားခါးထိ ကား။ နောက် ခြေလျင်နဲ့ ချင်းတောင်တန်းကြီးကိုဖြတ်ကျော်ပြီး အိန္ဒိယကို ထွက်ပြေးရပါတယ်။
၂ဝ၁၄ ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့မှာတော့ ကျွန်တော် ၂၄ နှစ်ကြာခိုအောင်းနေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွါရပါတယ်။
အစိုးရဝန်ထမ်းမှန်သမျှ အရင်က မဆလ ထဲမဝင်ရင် ရာထူးမတိုး၊ ပစားမပေးခဲ့ရာကနေ ရှစ်လေးလုံးတန်ခိုးနဲ့ နိုင်ငံရေး မလုပ်ရ ဖြစ်လာပါတယ်။ မဆလ ကံမကောင်းပေမဲ့ ကျွန်တော်ကံကောင်းပါတယ်။ နိုင်ငံရေးလုပ်ချင်ရင် အစိုးရအလုပ်ကနေ ထွက်တဲ့။ အဲဒီခေတ်မှာက ဆရာဝန်အလုပ်ရဘို့ထက် ထွက်ဘို့က ပိုခက်ပါတယ်။ ရန်ကုန်ကိုဆင်းပြီး ကျန်းမာရေးဦးစီးညွှန်ချုပ်ရုံးသွား အလုပ်ထွက်စာတင်ပါတယ်။ တပါတ်သာကြမယ် ထင်ပါတယ်။ ထွက်ခွင့်ရပါတော့တယ်။ ဒီအတွက်တော့ ကျေးဇူးပါ စစ်အစိုးရခင်ဗျား။
ရှစ်လေးလုံးအရေးအခင်းကြီးကနေ NLD ကိုဖွဲ့စည်းစေဘို့ဖြစ်လာတယ်ဆိုတာအမှန်ပါ။ ရှစ်လေးလုံးအရေးအခင်းနဲ့ NLD မှာ ဆင်တူတာတွေရှိပါတယ်။ လူပေါင်းစုံပါတယ်။ ပညာအခြေခံအမျိုးမျိုး၊ ပရိယေသနအမျိုးမျိုး၊ အတွေးအမြင်အမျိုးမျိုး၊ လိုအင်ဆန္ဒအမျိုးမျိုးတွေ လာပြီးစုဝေးတဲ့နေရာအတူတူဖြစ်တယ်။ ၂၅ နှစ်အကြမှာအထိ သံမှိုနှက်ထားသလိုဆက်ပြီး မြဲခိုင်နေသူတွေ ရှိသလို၊ ဘဝအမျိုးမျိုးကို ဖြတ်ကျော်ပြီးသကာလ ရောက်ရာကနေ ဆက်ပြီးသံယောဇဉ်ကြီးနေသူတွေ ရှိတယ်။ ဖါသိဖါသာသမားတွေလည်း မရှားပါ။ အချိန်ကာလဒဏ်၊ နိုင်ငံရေးဒဏ်တွေ ထုထောင်းခံရလို့ ကျေမွသွားသူတွေ၊ ပန်းပဲဖိုမှာ မီးထဲကဆယ်ပြီး ပေပေါ်မှာထုရိုက်ထားလို့ သံကောင်းကောင်းတွေ ဖြစ်လာသူတွေလဲ မနည်းပါ။ သေခွဲခွဲသွားကြရသူတွေ အများကြီးရှိတယ်။
NLD မှာ မျိုးဆက်သစ်တွေ မနည်းမနော ရှိလာပါပြီ။ ရှစ်လေးလုံးဆိုတာတော့ အသစ်မဖြစ်ပါ။ အဟောင်းသည်သာ သမိုင်းရေးသူတွေ ဖြစ်ကြတယ်။ သမိုင်းကောင်းအမွေ ဆက်လက်ပေးနိုင်ကြပါစေ။
ဒီစာကို ၃၁-၇-၂၀၁၆ နေ့ကရေးပါတယ်။ နောက် ၉ နှစ်တိတိအကြာ ဖြည့်စရာတွေရှိလာတယ်။ နောက်တခါရေးမှသာ ထည့်တော့မယ်။ အဖြစ်မှန်သမိုင်းဟောင်းကို ကြိုက်လို့ဖြစ်စေ မကြိုက်လို့ဖြစ်စေ ပြင်လို့မရနိုင်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment