Skip to main content

လူမထွက်စေကြောင်း မေတ္တာစာ/မှာစာ

ဖြူဖြူ ဝါဝါ

ပြာပြာ စိမ်းစိမ်

ရွှေနံ့သာ ရင်မှာလိမ်း၍

ပိန်းရိုက်လို့ လာလာ

ပဒုမ္မာ ကြာစစ်ကို

လှစ်၍ပင် ပြပြ

ကက ခုန်ခုန်၊ 

ပန်းနှစ်ငုံ နှစ်ခိုင်လွှာကို၊ ပလာပင် ထားထား

ပါးဆီက တခွင်

ဆံစည်ဗျာကိုက်၊      ပန်းစိုက်၍ လာလာ

ကေသာ လောမာ၊    ဒွတ္တိံသာဟု

အနတ္တလက္ခဏာ၊     တရားနှင့် ရှာသောအခါ

ဘာမျှ မဟုတ်၊         ရေအိမ်ဟောင်း ပုပ်သည့်နှယ်

စက်ဆုပ်စရာ၊          ထိုခြင်းရာကို

ဉာဏ်မှာ အပြစ်မြင်၏ရှင့်။

ရွှင်ရွှင် ပါးပါး

ထင်ယောင်မှားနှင့်

ညီဖွား မောင်တို့မှာ

`ပဗ္ဗဇိတဘာဝေါ   ဒုလ္လဘော' ဟု

မိန့်ဟော အမှန်၊    လာရှိဟန်ကို

ဧကန် မမှား၊         ချင့်ထောက်ထားရမည်။

တရားကျမ်းအရလည်း

သမ္ပယောဂ၊ သိနေဟနှင့်

ချစ်လှသည့် ပြည်ဝကို

ပသာဒ သင်္ဂဟော၊   ဘုံပျံလျှော၍

တောကြီးမြိုင်ခွင်၊     ချုံထဲသို့ ဝင်သည့်နှယ်

မကြင် မချစ်၊           အမြတ်ကို ပစ်ထား၍

အဆုတ်ကို သွားမည်ကြောင့်

မှာကြားလိုက်ပါမည်။   ။

ယဉ်လှသည့် ညီကလျာ

တင့်ရဲတော် မမူပါနှင့်

ဝါတော်က နုနယ်

ရွယ်တော်က ပျိုပျို

ကိုယ်တော်က နုနု

ခုနှယ်ချိန်များကို

ကိုယ်တွင်းရန် လှည့်စား၍

မှားပါမည် အကြံ

လန်ပါမည် တပ်တော်

ချော်ပါမည် တပ်စွဲ

ထောင်ငါးရာ သူရဲကို

အောင်ပွဲ ဇယ

အောင်တပ်ကြီး ချမည်ကြောင့်

ဝါယမ စွမ်းအား

သတိတော်ထားပြီးလျှင်

တရားနှင့် ချိန်တင်

ဉာဏ်တော်နှင့် ဆင်ခြင်၍

ညီအရှင် အများ

အပျိုဖြူလွင်လွင်၊ မြင်ရုံနှင့် ထင်စား

လိုက်ယောင် မှားချေက

ကျားမိသည့် ခွေး၊        လေးမိသည့် စွန်

ကွန်မိသည့် ငါးမိုက်၊     ပိုက်မိသည့် ရွှေယုန်

ဆင်းရဲပေါင်း ကြုံလိမ့်မည်။

လူ့ဘုံတွင် တဝ

ဒုက္ခ ရာရာ

တွေ့မည်တာကို

ပညာနှင့် တွေးမြော်

သံဝေတော် ပိုက်ဖြား၍

သတိတော် ထားစေချင်ကြောင်းများကို

ကြားမှာလိုက်ပါသည်။   ။ (ဦးပုည)

#ရှေးစာကဗျာများ ကျေးဇူး။

photo- ဗဂျီအောင်စိုး

ဒေါက်တာတင့်ဆွေ

Comments