ဆေးသာက်ပြီး ကမှာလား ကပြီး ဆေးသောက်မှာလား
ကျွန်တော် အသက် ၂၆ နှစ်ပါ ဒူးကကျင်ကျင်နေလို့ သွေးစစ်ကြည့်တာလေးဘက်နာ ပိုး ၃၀၀ ရှိတယ်လို့ပြောပါတယ် ဆရာဝန်က ဆေး၃ လ သောက်ကမယ်ပြောပါတယ်။
ပြန်စာ
သောက်ကမယ်ပြောပါတယ်လို့ရေးတာ မှားတယ်။ သောက်ရမယ်လို့ ရေးရတယ်။ အရင်ကတော့ တီဗွီထဲက မိန်းကလေးတွေ အမျိုးသမီးတွေသာ အဲလိုပြောကြသလားထင်မိတာ၊ မဟုတ်ပါလား။ အမျိုးသားတွေလည်း သောက်ရင်းကကြတယ်။
မြန်မာသဒ္ဒါမှာ က ဆိုတာ ကတ္တားဝိဘတ်၊ ထွက်ခွါရာပြဝိဘတ်၊ အချိန်ပြဝိဘတ်နဲ့ နေရာပြဝိဘတ်အဖြစ်သာ သုံးရတယ်။
ကဆိုတာ -
ကခုံသည်
ငါက အရင်သွားနှင့်မယ်
တသိန်းမက တန်တယ်
ရန်ကုန်က လာတယ်
လှည်းမှာ နွားကပါ
သူကတော့ မြန်မာစာမတတ်
သူလာက ငါသွားမယ်
ရောဂါ တမျိုးမက ရှိနေသည်
ရဆိုတာ -
ခွဲစိတ်ခန်းဝင်ရမယ်
ဆုရသည်၊
မရမနေလုပ်ပါ
မိမိရရဆုပ်ကိုင်ပါ
လက်ခံရရှိသည်၊
လုပ်ရကိုင်ရလွယ်သည်
ဝမ်းသာအားရရှိသည်
အာထွာဆောင်းရိုက်ရမယ်
ဆေးရုံတက်ရမယ်
ဆေးသောက်ရမယ်
နောင်တရသည်
ပြောရဆိုရလွယ်သည်
နှစ်ထောင်းအားရရှိသည်
စာမှာ သဒ္ဒါဆိုတာ အဆောက်အဦတခုရဲ့ အုတ်မြစ်လိုပဲ။ ယိုင်နဲ့လာရင် ပြိုပျက်ကျမယ်။ မြန်မာစာဗိမာန်ကြီး ရေရှည်တည်တံ့ ခိုင်မြဲပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁-၁၀-၂၀၁၈

Comments
Post a Comment