ဘေဒါရီလို့လည်း ရေးကြတယ်။
ဗေဒါရီလို့လည်း ရေးကြတယ်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈ မှာ ဘေဒါရီ။
ဘေဒါရီ မင်းသမီးကလေး၏ ဘဝဖြစ်စဉ်တို့ သည် ဆန်းကြယ်စိတ်ဝင်စားဖွယ်ကောင်း၍ ဒဏ္ဍာရီ ပုံပြင်ဆန်လှပေရာ၊ မြန်မာလူမျိုးတို့နှစ်သက်စွဲလမ်းသော ပုံပြင်များ တွင် တခုအပါအဝင် ဖြစ်ပေသည်။
ဘေဒါရီ သရေခေတ္တရာပြည်ကို တည်ထောင်သော ဒွတ္တဘောင်မင်းကြီး မယ်တော်ဖြစ်သည်။ ဘေဒါရီ၏ ဘဝဖြစ်စဉ် (အရပ်ရပ်) ကို ရာဇဝင်သမိုင်းများ၌ အောက်ပါ အတိုင်း ပါရှိလေသည်။
သာသနာသက္ကရာဇ် ၄ဝ ခန့်တွင် ဒုတိယတကောင်းဆက်အစွန် သာကီဝင်မင်းမျိုး သတိုး တဆယ့်ခုနစ်ဆက်မြောက် သတိုးမဟာရာဇာမင်းကြီး၏ လက်ထက်တွင် အရပ် ၁၂ တောင်ရှိသော တောဝက်ကြီးတကောင်သည် တကောင်းပြည်၏ ရွာစွန်ပြည်နားသို့ဝင်ရောက်ဖျက်ဆီးသည်။ မင်းကြီး သည် မိဖုရားကြီး၏ မောင်တော်အိမ်ရှေ့ဥပရာဇာ ခေပဒူတ မင်းသားကို ဝက်ကြီး၏ ရန်ကို နှိမ်နင်းရန် စေလွှတ်တော် မူသည်။
ခေပဒူတမင်းသားသည် ဝက်ကြီးကို အစဉ်တစိုက် လိုက်လံနှိမ်နင်းရာ၊ သရေခေတ္တရာပြည် တည်ရာ အနီးကျွန်း တကျွန်းသို့ရောက်မှ ဝက်ကြီးကို ခွင်းရသည်။ သို့သော် တကောင်းပြည်မှ အလွန်ဝေးလှသော အရပ်သို့ခရီးလွန်ခဲ့ ပြီးဖြစ်၍ မင်းသား၏ စိတ်ဆန္ဒတွင်လည်း ပစ္စုပ္ပန်စီးပွားကို မရှာလိုတော့ဘဲ သံသရာစီးပွားကို ရှာလို သောကြောင့် ထိုအရပ်တွင်ပင် ရသေ့ရဟန်းပြုနေရာ များမကြာမီ ဈာန်အဘိညာဉ် ရတော်မူသည်။
ထိုအချိန်ခန့်တွင် သမ္ဘူလမည်သော ပျူမင်းကို ဓညဝတီက နှောင့်ယှက်သိမ်းယူလေသဖြင့် ထိုမင်း၏ မိဖုရား နန်းခန်းသည် အလုံးအရင်းနှင့် ထွက်ခွာလာပြီးလျှင် သကျအင်း အရပ်တွင် နေထိုင်သည်။ မိဖုရားမှစ၍ ထိုအရပ်၌ နေကုန်သော သူတို့သည် ခေပဒူတရှင် ရသေ့အား ကိုးကွယ်မှီခိုရာ ပြုကုန်သည်။
ရှင်ရသေ့သည် တခုသော ကျောက်ခွက်၌ ရေဟောင်းမပြတ် သန့်စင်တော်မူသည်။ သမင်မငယ်တခုသည် ထိုရေ ဟောင်းကို မပြတ် လျက်စမှတ်ပြုလေ၍ ကာလရှည်လျားလတ်သော သမင်မငယ်ဝမ်း၌ ပန္ထိသန္ဓေတည်သည်။ နေ့လစေ့သော် လူမိန်းမငယ်ကို ဖွားလေသည်။
ဖွားမြင်သော ကလေးငယ်၏ ငိုသံကြားလျှင်၊ အမိ ဖြစ်သော သမင်မသည် လန့်၍ပြေးသည်။ ရှင်ရသေ့သည် ကလေးငိုသံကြား၍ သွားရောက်ကြည့်လတ်သော၊ အဆင်း အင်္ဂါနှင့် ပြည့်စုံသော သတို့သမီးငယ်ကို တွေ့ရသည်။ ထိုအခါ အကျိုးအကြောင်း ဆင်ခြင်ပြီးသော်၊ အဓိဋ္ဌာန် ပြုလေသဖြင့် လက်ချောင်းမှ ထွက်သော နို့ရည်ကို တိုက်ကျွေးသည်။ ယင်းသို့ဖြင့် ကလေးငယ်အား ပြုစုကျွေးမွေးလာခဲ့၍ ဘေဒါရီ ဟူသော အမည်ကို ပေးလေသည်။
ဘေဒါရီသည် အသက် ၁၇ နှစ် အရွယ်သို့ရောက်လတ်သော် ရသေ့ရဟန်းတို့မည်သည် မိန်းမတို့နှင့် အတူ နေခြင်းငှာမသင့်၊ သူတပါးမြင်သော်လည်း မလျော်ဟု ရှင် ရသေ့၌ အကြံဖြစ်သည်။ ထို့ကြောင့် တနေ့လုံး ရေမှာကြာ၍၊ ညဉ့်အချိန်တန်မှ ပြန်ရောက်နိုင်လေအောင် ရေဆိပ်မှ ရေသယ်ရန် မျောက်မြီးကို ရေမှာ နစ်စေပြီးလျှင်၊ ထိုဘူးစက်တွင် ကျည်တောက်ဖြင့်ခံ၍ ရေကိုပြည့်စေရသည်။ ယင်းသို့ဖြင့် ဘေဒါရီကို တနေ့ကုန် ရေဆိပ်၌ ကြာစေလျက်၊ ညဉ့် အချိန်တန်မှ ကျောင်းသင်္ခမ်းသို့ပြန်ရောက် စေသည်။
ခေပဒူတ မင်းသားသည် ဝက်ကြီးရန်ကို ခွင်းသည့်နှစ်၊ သာသနာသက္ကရာဇ် ၄ဝ ပြည့်နှစ်၌ပင် တကောင်းမင်း၏ မိဖုရားကြီး ကိရီဒေဝီသည်မဟာသမ္ဘာဝ၊ စူသမ္ဘဝ မျက်မမြင် ညီနောင်ကို အမြွှာဖွားသည်။ မင်းကြီးက ရှက်စနိုး၍ သူမသိအောင် ဖောက်ဖျက်ရန် မိန့်ကြားသော်လည်း ရင်၌ဖြစ်သော အသွေးအရည်ဖြစ်၍ မိဖုရားသည် မစွန့်ပစ်နိုင်ဘဲ ဝှက်ထား သည်။ သို့သော် သာသနာသက္ကရာဇ် ၅၉ ခုနှစ်တွင် သားတော်တို့အား ဝှက်ထားကြောင်း မင်းကြီးသိလေ၍၊ သတ်ခိုင်းရာ မိဖုရားသည် သားတော်တို့အား ဖောင်၌တင်၍ မျှောလိုက်သည်။
ဖောင်သည် ဧရာဝတီမြစ်ကြောင်းတလျှောက် စုန်လာခဲ့ရာ၊ လမ်းခရီးတွင် စန္ဒမုခီဘီလူးမ၏ ကုစားမှုကြောင့် မင်းသားများသည် မျက်စိအလင်းရရှိခဲ့ကြသည်။ မင်းသားတို့၏ ဖောင်သည် အစဉ်တစိုက် စုန်လာခဲ့ရာ ဘေဒါရီ ရေခပ်ရာ ရေဆိပ်သို့ရောက်ခဲ့သည်။
မင်းသားတို့သည် ဘေဒါရီ ရေခပ်ပုံကိုမြင်လျှင် ဘူးကိုယူ၍ သန်လျှက်ဖြင့် မျက်နှာဝကို လှီးပြီးလျှင် အစေ့ကို သွန်ကာ ရေမှာခပ်စေ၍ ကျည်ထောက်ကို ပြည့်စေသည်။ ဘေဒါရီလည်း ကျည်တောက်တွင် ရေပြည့်လျှင် ခမည်းတော် ရှင်ရသေ့၏ ကျောင်းသို့ပြန်သွားလေသည်။
ရေဆိပ်မှ စောစီးစွာ ပြန်လာသော ဘေဒါရီအား ရှင်ရသေ့တွေ့လျှင် အကြောင်းကို စုံစမ်း၍ မင်းသားတို့အား ခေါ်ယူပြီးသော် စေ့စုံစွာ မေးမြန်းသည်။ မင်းသားနှစ်ပါးလည်း အကြောင်းကို လျှောက်ထားသော်၊ မိမိ၏ တူတော်ရင်းများ ဖြစ်နေသည့်အတွက် မင်းသားအကြီး မဟာသမ္ဘဝနှင့် သမီးတော် ဘေဒါရီကို စုံဖက်ပေးလေသည်။
ရှင်ရသေ့သည် ဘုန်းတန်းခိုးကြီးမားသူလည်း ဖြစ်သည်။ အဋ္ဌာရသ၌လည်း အပြီးတိုင်တတ်သူ ဖြစ်သည်။ ရာဇပရိယာယ်၌ အလွန်လိမ္မာတော်မူသည်။ ထို့ကြောင့် မိမိအား ဆည်းကပ်ကိုးကွယ်လျက်ရှိသော ပျူမိဖုရား အမှူးရှိသော သူတို့အား တူတော် မဟာသမ္ဘာဝကို မင်းအဖြစ်ပေးအပ်ရန် ရှင်ရသေ့က မိန့်ကြားသည် ပျူမိဖုရားလည်း မဟာသမ္ဘဝ မင်းသား၏ ဘုန်းလက်ရုံးနှင့် ပြည့်စုံသည့်အဖြစ်ကိုသိ၍ သဘောကြိုက်ညီကာ၊ မင်းသားအား မင်းမြှောက်သည်။
ယင်းသို့ဖြင့် မဟာသမ္ဘာဝမင်းသားသည် သကျအင်းအရပ်တွင် သာသနာသက္ကရာဇ် ၆ဝ ပြည့်နှစ်၌ မင်းအဖြစ် အုပ်စိုးသည်။ မဟာသမ္ဘဝမင်းသည် ဘေဒါရီမိဖုရားအပြင်၊ ပျူမိဖုရားကိုလည်း မိဖုရားအဖြစ် တင်မြေ|ာက်လေသည်။ သို့သော် ပျူမိဖုရား၌ သမီးတော်တပါး ဖွားမြင်ပြီးနောက် မကြာမီ အနိစ္စရောက်လေ သည်။
ဘေဒါရီ မိဖုရားတွင် ဒွတ္တဘောင်မင်း ပန္ထိသန္ဓေ ၃လ ရှိသောအခါ၊ မဟာသမ္ဘဝမင်းသည် သက်တော် ၂၆ နှစ်တွင် နတ်ပြည်စံသည်။ ထို့ကြောင့် သာသနာသက္ကရာဇ် ၆၆ နှစ်တွင် စူသမ္ဘာဝသည် နောင်တော်၏ ရိုက်ရာ ကို ဆက်ခံ၍ မင်းပြုသည်။ စူသမ္ဘဝမင်းသည် မရီးတော် ဘေဒါရီကိုပင် မိဖုရားမြေ|ာက်သည်။ ဘေဒါရီ မိဖုရား ၏ သားတော် ဒွတ္တ ဘောင်ကား နောင်အခါတွင် သူမြတ် ၇ ဦးတို့၏ အစောင့် အရှောက် အကူအညီဖြင့် သရေ ခေတ္တရာမြို့ကို တည်ခဲ့သည်။ ဘေဒါရီ မိဖုရား အနိစ္စရောက်သည့် နှစ်ကိုကား မတွေ့ရချေ။
ဝီကီပီးဒီးယားမှာ တဝမ်းပူ ၁၄ လုံးကို စသတ်နဲ့ပြင်ထားတယ်။ အဲလို မလုပ်ရပါ။ အကိုးအကားဆိုတာ မူရင်းအတိုင်းသာ ဖြစ်ရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment