မောင်စွမ်းရည်
(မိုးမခ) ဇန္နဝါရီ ၂၁၊ ၂၀၂၀
ကျွန်တော်တို့ လူမှန်းသူမှန်း သိတတ်စ အရွယ်က ဒီနေ့အခါကာလအထိ (၁၉၅၀ ခုနှစ် လောက်က - ၂၀ဝ၀ ပြည့်နှစ်ကျော်အထိ နှစ်ပေါင်း ၅၀ ကျော်လောက်) ရာစုနှစ် တဝက်လောက် ကာလအတွင်း နိုင်ငံရေးသမား၊ စာပေသမား စတဲ့ ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်ကြီးတွေထဲမှ လေးစား ကြည်ညိုစရာ ပုဂ္ဂိုလ်အဖြစ် မော့ကြည့်လိုက်တဲ့အခါ ပထမဦးဆုံး ထီးတည်းမားမား မြင်မိလိုက်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ကဗျာဆရာ၊ နိုင်ငံရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေး ဖခင်ကြီး - ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတိုင်း ခြွင်းချက်မရှိ လေးစားကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအပြင် တခြား ဘယ်ပုဂ္ဂိုလ်တွေကို တွေ့မြင်ရပါသေးသလဲ။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒီးဒုတ်ဦးဘချိုတို့လို ပုဂ္ဂိုလ်ကြီးတွေကို သူ့နေရာနဲ့သူ ပြေးမြင်မိပြီး ပညာရေးလောကထဲက ဆိုရင်တော့ ဆရာကြီး ဦးဖေမောင်တင်ကိုပဲ ဒုတိယမရှိ သွားမြင်မိလိုက်ပါတယ်။
ဦးဖေမောင်တင်ဟာ မွေးကတည်းက ခရစ်ယာန် ဘာသာဝင် အဖြစ် မွေးဖွားလာခဲ့ပေမဲ့ လူလားမြောက်စ မူလတန်းကျောင်းသား အရွယ်က စပြီး ဗုဒ္ဓဘာသာ ကျောင်းများကိုသာ နေရပြီး ဗုဒ္ဓစာပေနဲ့ မြန်မာစာပေများကိုသာ သင်ယူခဲ့ရပါတယ်။ မူလတန်းမှာ ၃ နှစ်ကြာ၊ သုံးတန်းအောင်တဲ့အခါမှသာ ရန်ကုန် အထက်တန်းကျောင်းကို ပြောင်းရွှေ့ သင်ယူခဲ့ရပါတယ်။ ၁၉၀၂ ခုသတ္တမတန်း ကျောင်းသားဘဝမှာ စကောလားရှစ် (ပညာသင်ဆု) ရပြီးနောက် ၁၉၀၅ ခု နဝမတန်း (၉ တန်း) ကျောင်းသားဘဝမှာ ပထမရလို့ ရနောင်းဆု (Renown Price) ငွေကျပ် ၄၀ နဲ့ စာအုပ်တွေ ဆုချခံရပါတယ်။ ၁၉၀၇ - ဥပစာ ဝိဇ္ဇာ ပထမနှစ်မှာလဲ စာမေးပွဲမှာ ပထမဆင့်ထိပ်ဆုံးက အောင်မြင်လို့ ဂျာရင်းဆု (Jaraine Price) လစဉ် ၆၀ ကျပ်ရရှိပါတယ်။ ၁၉၀၉ ခုနှစ်မှာ ပါဠိဂုဏ်ထူးတန်း ဘီအေ စာမေးပွဲအောင်လို့ မြန်မာလူမျိုးထဲက ပထမဆုံး ဝိဇ္ဇာဘွဲ့ရသူ ၉ ဦးအနက် တဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ၁၉၁၁ ခု - မတ်လ၊ အသက်၂၃ နှစ်အရွယ်မှာ ကာလကတ္တား တက္ကသိုလ်က မဟာဝိဇ္ဇာ (M.A.) ဘွဲ့ကို ပါဠိဘာသာဖြင့် ဖြေဆို အောင်မြင်ခဲ့လို့ ရန်ကုန် ဟိုက်စကူး ခေါ် ရန်ကုန် အထက်တန်းကျောင်းမှာ ကျောင်းဆရာ အလုပ်ကိုတလ ကျပ် ၁၅၀ လစာငွေဖြင့် ခေါ်ယူခန့်ထားခြင်း ခံရပါတယ်။
ဦးဖေမောင်တင်ဟာ ၁၉၁၂- ဇူလိုင် ၂၄ မှာ ရန်ကုန်ကောလိပ်က ပါဠိပါမောက္ခအဖြစ်ခန့်အပ် ခြင်း ခံရပြန်ပါတယ်။ မြန်မာလူမျိုးထဲက ပါဠိပါမောက္ခ ရာထူးကို ပထမဦးဆုံး ရရှိသူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ပါဠိပါမောက္ခများဟာ ရန်ကုန်မြို့၊ ဘားနဒ် အခလွတ် စာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူး တာဝန်ကိုလဲ ပူးတွဲ ယူရပါတယ်။ ဘားနဒ် အခလွတ် စာကြည်တိုက်ဆိုတာ လိုလိုနီခေတ် မြန်မာနိုင်ငံမှာ ပထမဦးဆုံး တည်ထောင်ခဲ့တဲ့ ခေတ်မီ စာကြည့်တိုက် ဖြစ်ပြီး ရတနာပုံ ရွှေမြို့တော် နန်းတွင်း ပိဋကတ် စာကြည့်တိုက်က ပေပုရပိုက်၊ စာအုပ်များ အပါအဝင် မြန်မာနိုင်ငံ အရပ်ရပ်က ပေပုရပိုက် စာအုပ်စာတမ်း မျိုးစုံကို ဘာနဒ်ဆိုသူ အင်္ဂလိပ်အရာရှိကြီး တဦးက သိမ်းယူ စုဆောင်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဦးဖေမောင်တင်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ စတင်သင်ကြားပေးချင်တယ်လို့ အဆိုပြုတော့ အင်္ဂလိပ်ကြီးတွေက မင်းတို့မှာ သင်ကြား ပို့ချစရာ မြန်မာစာပေရယ်လို့ ရှိလို့လားလို့ အမေး ခံရပါတယ်။ ဦးဖေမောင်တင်ဟာ တက္ကသိုလ်ပါဠိပါမောက္ခဖြစ်ပြီး ဘားနဒ်စာကြည့်တိုက်ကို ဦးစီးရတဲ့ အခါမှာ စာကြည့်တိုက်ထဲက ပေပုရပိုက်တွေထဲမှာ ရှိတဲ့ ပျို့၊ ကဗျာလင်္ကာ၊ ဇာတ်တော်ကြီး ဝတ္ထု စတဲ့ စာပေတွေကို သူတာဝန်ယူရတဲ့ မြန်မာနိုင်ငံ သုတေသန စာစဉ်အဖြစ် မြန်မာပညာရှိများနဲ့ တိုင်ပင် ညှိနှိုင်း တည်းဖြတ်ပြီး ပုံနှိပ်စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်- ဒုတိယကမ္ဘာစစ် မတိုင်မီ ကာလအတွင်းမှာ စာအုပ်ပေါင်း ၄၆ အုပ် ပုံနှိပ်ထုတ်ဝေပြီး ဖြစ်နေပါပြီ။
ဆရာကြီး ဦးဖေမောင်တင်ဟာ မြန်မာနိုင်ငံမှာ သူငယ်တန်းက ၁၀ တန်းအထိ အခြေခံပညာ ရေးအတွက် ဖတ်စာအုပ်အမျိုးမျိုးနဲ့ မြန်မာသဒ္ဒါ၊ မြန်မာဝါကျဖွဲ့ထုံး ကျမ်းကြီး ကျမ်းငယ်များကိုလဲ ရေးသားပြုစုခဲ့ရပါသေးတယ်။ ဆရာကြီးဟာ ၁၉၃၇ ခုနှစ်မှာ မြန်မာလူမျိုးထဲက ပထမဆုံး ပါမောက္ခအဖြစ်သာမကဘဲ ပထမဆုံး တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်ကိုလဲ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ အဲဒီ ကာလအတွင်းက သပိတ်မှောက်ကျောင်းသားတွေ ဖြစ်ခဲ့ကြတဲ့ ကိုနု၊ ကိုအောင်ဆန်း၊ မအုန်း၊ မအမာ စသူများဟာ ဆရာကြီးရဲ့ တပည့်များ ဖြစ်ကြပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ အရာရှိကြီး ဖြစ်ပေမဲ့ ဆရာတပည့်အဖြစ် အပြန်အလှန် ချစ်ခင်လေးစားမှု ရှိကြပါတယ်။
အမေ လူထု ဒေါ်အမာက - “ငါတို့ဟာ ဆရာကြီး ဦးဖေမောင်တင်သင်လာတဲ့ မြန်မာစာနဲ့ ငါတို့ လွပ်လပ်ရေးကို တိုက်ယူခဲ့ကြရတာကွဲ့” လို့ မကြာခဏ ဆိုသလို ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့အပြင် ဆရာကြီး မန်း တက္ကသိုလ်မြန်မာစာဌာနကို စာမေးပွဲ စစ်ဖို့ လာတဲ့အခါတွေမှာ ဦးလေး လူထု ဦးလှနဲ့ ဒေါ်ဒေါ်တို့က လူထုသတင်းစာတိုက်ကို ဖိတ်ခေါ်ပြီး ထမင်းကျွေးလေ့ရှိပါတယ်။ ရန်ကုန်ကို ဦးလေးတို့ ဒေါ်ဒေါ်တို့ သွားကြတဲ့အခါမှာလဲ ဆရာကြီးဆီကို ဝင်ရောက်ကန်တော့လေ့ရှိကြပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက မန္တလေးမှာ ပြုလုပ်တဲ့ စာဆိုတော်နေ့ ကန်တော့ပွဲတွေမှာ ဆိုရင်လဲ ဆရာကြီးကို ထည့်သွင်း ကန်တော့လေ့ရှိပြီး မောင်သာနိုးနဲ့ မောင်တင်မိုးတို့က ဆရာကြီးထံသို့ အသင်းကိုယ်စား ကန်တော့ပွဲ ပစ္စည်းများကို သွားရောက်ကန်တော့တာ ရှိကြပါတယ်။
ဆရာကြီး ဦးဖေမောင်တင်ဟာ မြန်မာလူမျိုးထဲက ပထမ ပါမောက္ခ၊ ပထမ တက္ကသိုလ် ကျောင်းအုပ်ဖြစ်တဲ့အပြင် ပထမ နိုင်ငံခြား ပညာတော်သင်လဲ ဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်ဆိုတာ မြန်မာနိုင်ငံမှာ အမျိုးသားရေး ဝံသာနုစိတ်ဓာတ် တက်ကြွနေချိန်ဖြစ်ပြီး (ဖေ.ပု.ရှိန်) တို့က ဦးဆောင်လှုပ်ရှား လာတဲ့အခါ ဆရာလွန်း ခေါ် သတင်းစာ ဆရာကြီး ကိုယ်တော်မှိုင်းလဲ အမျိုးသား ကောလိပ်မှာ ဒီးဒုတ် ဦးဘချိုနဲ့အတူဝင်ရောက်ပြီး မြန်မာစာပေ၊ မြန်မာနိုင်ငံသမိုင်းတို့ကို ပို့ချရင်း အမျိုးသားရေး လှုပ်ရှားမှုကို မြှင့်တင်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလမှာ အသက် ၃၂ အရွယ်ရှိပြီဖြစ်တဲ့ ဦးဖေမောင်တင်ဟာ ဘိလပ်ကို ပထမဆုံး မြန်မာပညာတော်သင်အဖြစ် သွားရောက်ပြီးနောက် ၁၉၂၂ ခုနှစ်မှာ ဘိလပ် က ဘီလစ်ခေါ်တဲ့ စာပေဆိုင်ရာ ဝိဇ္ဇာဘွဲ့ကို ပထမဆုံး ဆွတ်ခူးခဲ့ပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့ပါတယ်။ ပါဠိဘာသာ စာပေကျမ်းဂန်များကိုလဲ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ပေးခဲ့ပါတယ်။ အဲဒီကာလက အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား စတဲ့ အနောက်နိုင်ငံသားများက မြန်မာနိုင်ငံက ပါဠိစာပေ ကျမ်းဂန်များကိုအထူးစိတ်ဝင်စားပြီး လေ့လာနေကြတဲ့အခါလဲ ဖြစ်ပါတယ်။
အဲဒီခေတ်ကာလက အင်္ဂလန်မှာ ပါဠိအသင်းကြီးဆိုတာ ရှိနေပြီး ပါဠိ ဝိသုဒ္ဓိမဂ်ကို အိန္ဒိယ၊ သီဟိုဠ် စတဲ့ နိုင်ငံများက ပါဠိပညာရှင်များပင် အင်္ဂလိပ်ဘာသာကို ပြန်ဆို မပေးနိုင်ကြသေးလို့ ရွှေဒင်္ဂါးပေါင်း တထောင် ဆုငွေထုတ်ပြီး ဘာသာပြန် ပေးမည့်သူကို ဖိတ်ခေါ်နေချိန် ဖြစ်ပါတယ်။ မြန်မာကျောင်းသား ဖေမောင်တင်က ဝိသုဒ္ဓိမဂ် တစိတ်တဒေသကို ပါဠိမှ အင်္ဂလိပ်ဘာသာသို့ ပြန် ဆိုပြီး ဘီလစ်ဘွဲ့ကိုယူခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်လက်ပြီး ဝိသုဒ္ဓိမဂ်ကိုတတွဲပြီးတတွဲ အပြီး တိုင်အောင်ပြန်ဆိုပေးနိုင်ခဲ့လို့ ပါဠိအသင်းကြီးရဲ့ ရွှေဒင်္ဂါးပေါင်း တထောင် ခြီးမြှင့်မှုကို ခံယူရရှိခဲ့ပေမဲ့ ဦးဖေမောင်တင်က ဆုငွေကို အသင်းကြီးသို့ အားလုံး ပေးလှူခဲ့ပါတယ်။ ထိုင်းဘုရင်ကြီးကလဲ ဦးဖေမောင်တင်ကို ပေါင်တထောင်ထပ်ဆင့် ဆုခြီးမြှင့်ပြန်တဲ့အခါ အဲဒီဆုကိုလဲ ဦးဖေမောင်တင်က လန်ဒန် ပါဠိအသင်းကြီးကိုပဲ ပြန်လည် ပေးလှူခဲ့ပါတယ်။ ကြုံတုန်းကြုံခိုက်မှာ လန်ဒန်တက္ကသိုလ်မှာ ဘာသာဗေဒပညာရပ်ကို ဆည်းပူးရင်း အရှေ့တိုင်း ဘာသာဌာနမှာ ရှေးမွန်၊ ပျူ၊ မြန်မာကျောက်စာများနဲ သမိုင်းဆိုင်ရာ အချက်အလက်များကိုပါ လေ့လာ စုဆောင်းခဲ့ပါတယ်။ ဒီလို ဆည်းပူးလေ့လာခဲ့တာကြောင့် နောင်အခါ မြန်မာနိုင်ငံသမိုင်းကော်မီရှင်မှာလဲ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။
လန်ဒန်တက္ကသိုလ်မှာ ရှိနေစဉ် လန်ဒန်တက္ကသိုလ်မြန်မာအသင်း ဥက္ကဋ္ဌအဖြစ် မြန်မာဘုရင်ခံ ဟောင်း တဦးနဲ့ ယှဉ်ပြိုင်အရွေးခံတဲ့အခါ ၁၉၂၄ ခုနှစ် လန်ဒန်တက္ကသိုလ်မြန်မာအသင်း ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရပါတယ်။ ဒီသတင်းကို ကြားသိတဲ့အခါ မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရက ဦးဖေမောင်တင် ကိုချက်ခြင်း ပြန်လာဖို့ အမိန့်ချ ခေါ်ယူလိုက်ပါတယ်။ ဘိလပ်ကိုသွားစဉ်က ကျောင်းသားအမည်က “မောင်တင်” ပါ။ ဘိလပ်ပြန်ဖြစ်လာတဲ့အခါ ဖခင်အမည်ပေါင်းပြီး “ဖေမောင်တင်” အမည်ပြောင်းကာ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်း ဘာသာဌာနမှာ ပါမောက္ခအဖြစ် ဝင်ရောက်အမှုထမ်းပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ သုတေသနအသင်းကြီးရဲ့ စာအုပ်ထုတ်ဝေရေး ဆပ်ကော်မီတီမှာ တည်းဖြတ် အုပ်ချုပ်သူ - စာတည်းချုပ်အဖြစ် တာဝန်ပေးအပ်ခံရတဲ့အတွက် သူ ပါဠိပါမောက္ခအဖြစ်နဲ့ စောင့် ရှောက်ထိန်းသိမ်းခဲ့ရတဲ့ ဘားနဒ်အခလွတ် ပိဋကတ်တိုက်က ပုံမနှိပ်ရသေးတဲ့ ပေစာ၊ ပုရပိုက်စာ တွေကို ဦးဖေ၊ ဦးလင်း အစရှိတဲ့ မြန်မာပညာရှိများနဲ့ တိုင်ပင်တည်းဖြတ်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်လို့ စစ်ပြေးဘဝရောက်တော့မှ စာပေထုတ်ဝေရေးကို ရပ်လိုက်တော့ စာအုပ် ၄၆ အုပ် ပုံနှိပ်ဝေပြီး ဖြစ်နေပြီးလို့ ဒီစာအုပ်တွေနဲ့ တက္ကသိုလ်မှာ ပြဋ္ဌာန်းပြီး သင်ကြားပို့ချခဲ့တာ ဖြစ်ပါတယ်။
ဘာသာစကားတိုင်းမှာ ဘာသာစကားရဲ့ အစိတ်အပိုင်းများအဖြစ် “သဒ္ဒါ” ဆိုတာ ရှိမြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစကားကို ခွဲခြမ်း စိတ်ဖြာပြီး သဒ္ဒါကျမ်းပြုစုထားတာ မရှိခဲ့သေးပါ။ ပါဠိသဒ္ဒါ၊ အင်္ဂလိပ်သဒ္ဒါတို့သာ ကျောင်းတွေမှာ သင်ရပေမဲ့ မြန်မာသဒ္ဒါ မသင်ရပါ။ ဒါကြောင့် ဆရာကြီး ဦးဖေမောင်တင်က အခြေခံပညာက စပြီး တက္ကသိုလ်ထိသင်ရတဲ့ သဒ္ဒါကျမ်းများကိုအဆင့်အလိုက် ခွဲခြားပြုစုပေးခဲပါတယ်။ ကျောင်းသားကိုင်၊ ဆရာကိုင် သဒ္ဒါစာအုပ်များအပြင် ဝါကျဖွဲ့ထုံးကျမ်းများလဲ ပြုစုပေးခဲ့ပါတယ်။
အင်္ဂလန်မှာ ပညာသင်ရစဉ်က အင်္ဂလိပ်စာပေ သမိုင်းကျမ်းများကို ဖတ်ရှုလေ့လာ ခဲ့ပြီး မြန်မာစာပေသမိုင်းဆိုင်ရာ အချက်အလက်များကိုလဲ လေ့လာ စုဆောင်းခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်မှာ တပည့်များကို မြန်မာစာ ဂုဏ်ထူးတန်းများ ဖွင့်လှစ်သင်ကြားပေပြီးနောက် တပည့် တွေရဲ့ အကူအညီတွေကိုပါ ယူပြီး မြန်မာစာပေသမိုင်း ကျမ်းတစောင်ကို သမိုင်းခေတ်များ ပိုင်းခြားပြီး ပြုစုခဲ့ပါတယ်။ ဒီစာပေသမိုင်းကျမ်းဟာ သိပ်မကြီးလှသော်လည်း ဒီစာအုပ်ကိုပဲ ကျောင်းသားများရော ဆရာများပါ ယနေ့ထိလက်စွဲပြုနေရဆဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထက်ကောင်းတဲ့ မြန်မာစာပေသမိုင်းကျမ်းကို တဦးချင်းကသော်လည်းကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း ယနေ့ထိ မပြုစု မဖော်ထုတ်နိုင်သေးပါ။
ဆရာကြီး ဦးဖေမောင်တင် ပညာရှင်လောကမှာ စတင်ကျော်ကြားသွားစေခဲ့တာကတော့ ပါဠိ ဝိသုဒ္ဓိမဂ်ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အခြားပါဠိစာပေများကိုလဲ အလားတူပဲ အင်္ဂလိပ်လို ပြန်ဆိုခဲ့ပါတယ်။ ပါဠိစာပေဟာ အဓိကအားဖြင့် ဗုဒ္ဓစာပေဖြစ်လို့ ပါဠိစာပေကို ဘာသာပြန်ဆိုပြီး ပြန့်ပွားစေခြင်းဟာလဲ ဗုဒ္ဓဘာသာ သာသနာပြုသလိုလဲ ဖြစ်ခဲ့ပါတယ်။ ဦးဖေမောင်တင်ရဲ့ ဗုဒ္ဓစာပေ ဘာသာပြန်များကို လေ့လာပြီး တချို့နိုင်ငံခြားသားများဟာ ဗုဒ္ဓဘာသာဝင် အဖြစ်ပြောင်းလဲ ခံယူကြတာမျိုးတွေ ရှိခဲ့ပါတယ်။ မြန်မာလူမျိုး ရဟန်း ရှင်လူတွေထဲမှာ နိုင်ငံခြားကို ဗုဒ္ဓဘာသာ ဖြန့်ချိသူတွေ အများကြီး ရှိခဲ့ကြပါတယ်။ နိုင်ငံခြားသား ဘာသာခြားများ ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲ ခံယူကြသည်ဖြစ်စေ၊ မခံယူကြသည်ဖြစ်စေ ဗုဒ္ဓဘာသာကို ကမ္ဘာက သိအောင်ပြုလုပ်စွမ်း ဆောင်ပေးခဲ့ကြသူတွေထဲမှာ ဆရာကြီး ဦးဖေမောင်တင်ဟာ ထိပ်ဆုံးက ရှိနေပါတယ်။
မွေးရာပါ ခရစ်ယာန်တဦးဖြစ်ပေမဲ့ မြန်မာနိုင်ငံက အကြီးကျယ်ဆုံး ဗုဒ္ဓသာသနာပြုတဦးလို့ ကမ္ဘာက သိရှိထားခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဟာ မေတ္တာတရား၊ သည်းခံခြင်းတရား၊ ခွင့်လွှတ်ခြင်းတရားတို့ကို အခြေခံတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးတရားသာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ဦးဖေမောင်တင်က ငြိမ်းချမ်းရေးတရားကို ဖြန့်ချီခဲ့သူအဖြစ် ဆရာကြီးရဲ့ ဘာသာပြန်လုပ်ငန်းကိုလဲ မုဒိတာပွားကြရပါတယ်။
ဗြိတိသျှ လက်အောက်မှာ ဗမာပြည် ကျရောက်နေစဉ် ကာလအတွင်းမှာပဲ မြန်မာစာပေဟာ ရှေးဟောင်း ပျို့လင်္ကာစာပေများအတွင်းကနေ ကမ္ဘာ့ စာပေအဆင့်အတန်းကို တက်လှမ်းတဲ့ ခေတ်ဆန်း စာပေတမျိုး ထိုးဖောက် ထွန်းကားခဲ့ပါတယ်။ ဒီလို ပေါ်ထွန်းလာရတာဟာ ဆရာကြီး ဦးဖေမောင်တင်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပေကို စနစ်တကျ ခေတ်မီစွာ ချဉ်းကပ်လေ့လာ ပို့ချပေးခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
၁၉၃၀ တဝိ်ုက်မှာ စတင်ထွန်းကား ပေါ်ပေါက်လာခဲ့တဲ့ သိပ္ပံမောင်ဝရဲ့ စကားပြေ၊ ဇော်ဂျီ၊ မင်းသုဝဏ်စသူတို့ရဲ့ ကဗျာများကို “ခေတ်စမ်း စာပေ” လို့အမည်ပေးပြီး ဆရာကြီး ကိုယ်တိုင်ပုံနှိပ်ဖြန့်ချိရုံမက ကျောင်းများကိုပါ ပို့ဆောင်ပြဋ္ဌာန်းပေးခဲ့တဲ့အတွက် ခေတ်သစ်စာပေများ ပေါ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါတယ်။ အဲဒီခေတ်စမ်းစာပေများဟာလဲ ဆရာကြီး ကိုယ်တိုင် ရှေးဟောင်း မြန်မာစာပေ ပျို့၊ လင်္ကာ၊ ရတု ရကန်၊ ဝတ္ထု၊ ပြဇာတ် စသည်တို့ကို စနစ်တကျ ဖော်ထုတ်ပြီး ပေ ပုရပိုက်များပေါ်ကနေ အများဖတ်ရှုလေ့လာနိုင်တဲ့ စာအုပ်များအဖြစ် တည်းဖြတ်ထုတ်ဝေပေးခဲ့လို့ ဖြစ်ပါတယ်။ ''မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့” ဆိုတဲ့ ကြွေးကြော်သံနဲ့ အဟောင်းကိုအခြေခံ အသစ်ကို ဖန်တီးနိုင်အောင် စနစ်တကျ လုပ်ဆောင်ပေးတဲ့ ကျေးဇူးကို အထူး ပူဇော်ကန်တော့အပ်ပါတယ်။
ဆရာကြီးဟာ တက္ကသိုလ်မှာ မြန်မာစာသင်ကြားခွင့်ရအောင်၊ တက္ကသိုလ် မြန်မာစာဌာနကို စတင်တည်ထောင်ခဲ့သူ ကျေးဇူးရှင်ကြီးအဖြစ် မကြာခင်က ၂၀၁၉ ခုနှစ်- ကုန်ခါနီးကာလမှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ဆရာကြီးရဲ့ ကိုယ်တပိုင်း ရုပ်တုတခုကို ပြုလုပ် ပူဇော် ထားရှိလိုက်ကြပါတယ်။
ကြုံကြိုက်တုန်း ပြန်လည်ဖော်ပြရရင် ဆရာကြီးရဲ့ကိုယ်တပိုင်း ရုပ်တုတခုကို ၁၉၈၈ ခုနှစ်က ဆရာကြီး ဦးဖေမောင်တင်ရာပြည့် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်သာသနာပြု ရုံးချုပ်မှာ ပြုလုပ်ပူဇော်ခဲ့ကြဖူးပါတယ်။ ဆရာကြီး ရာပြည့် စာတမ်းဖတ်ပွဲ အခမ်းအနား ပြုလုပ်ပြီး အမှတ်တရ စာအုပ် တအုပ်လဲ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ဦးဆောင်ပြုလုပ်သူ နှစ်ဦးကတော့ ခရစ်ယာန်သာသနာပိုင်ချုပ် အင်ဒရူး မြဟန် (ခေါ်) ကဗျာဆရာ မောင်ပေါက်စည် (ဥက္ကဋ္ဌ)၊ အခြေခံပညာကျောင်းသုံး စာအုပ်ထုတ်ဝေရေး မြန်မာစာသင်ရိုးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဖေ (ဆရာ မောင်စွမ်းရည်)က အခမ်းအနားမှူး (အတွင်းရေးမှူး)အဖြစ် ဆောင်ရွက်ခဲ့ပြီး ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်များထဲက ဆရာကြီး မင်းသုဝဏ် (မြန်မာစာ ပါမောက္ခ ဦးဝန်)၊ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းတို့လဲ ဆရာကြီးရဲ့ ရာပြည့်အခမ်းအနားမှာ ပါဝင်ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ လူကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ လန်ဒန်တက္ကသိုလ်မြန်မာစာ ပါမောက္ခ (ငြိမ်း) ဒေါက်တာ လှဖေကလဲ သဝဏ်လွှာ၊ စာတမ်းများကို မော်လမြိုင်ကနေ ပေးပို့ခြီးမြှင့်ခဲ့ပါတယ်။
ဦးဖေမောင်တင်ရာပြည့်ပွဲမှာ ဦးဖေမောင်တင်မရှိတော့ပေမဲ့ ဦးဖေမောင်တင်ရဲ့ တပည့် ဦးဝန် စသူတို့ ပါဝင်နေကြတာကို အဲဒီကာလက နိုင်ငံတော် အကြီးအကဲ အာဏာရှင် ဗိုလ်ချုပ်နေဝင်းက မရှုဆိတ်ခဲ့ပါ။ ဆရာကြီး ဦးဝန်ကို ခရစ်ယာန်ကြီးရဲ့ တပည့် မကျက်တကျက်ပေါင်မုန့်လို့ ခေါ်ပြီး အလုပ်က ထုတ်ပယ်ခဲ့ဖူးပါတယ်။ ဒီအရှိန်ကြောင့် ဦးဖေမောင်တင် ရုပ်တုကို ကျွန်တော်တို့ ရာပြည့်အဖွဲ့က မြန်မာစာဌာနကို သွားရောက်ပို့ဆောင်လှူတန်းရာမှာ လက်မခံဘဲ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ဦးဖေမောင်တင် ရုပ်တုကို လူမသိ သူမသိ လုံခြုံရာနေရာတခုကို ပို့ဆောင်ထားခဲ့ရပါတယ်။ ရာပြည့်ပွဲမှာ လန်ဒန်ဆရာတော်ဦးဥတ္တရနဲ့အမရပူရ၊ တောင်သမန်က ဆရာတော်ဦးပညာ၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဒေါက်တာသန်းထွန်းတို့ ဦးဆောင်ပြီး ခရစ်ယာန်သာသနာပြုခြံဝင်းထဲမှာ ရာပြည့်အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးထားခဲ့ကြပါတယ်။
ခုအခါ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဆရာကြီး ဦးဖေမောင်တင် ရုပ်တုတခု ထုလုပ် ပူဇော်ထားရှိပြီဖြစ်ကြောင်း ကြားသိရတဲ့အတွက် အထူးဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ပူဇာစ ပူဇနေယျာနံ ဆိုတဲ့အတိုင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာမြောက်ပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစာပေ မင်္ဂလာရှိပါစေသတည်း။
မောင်စွမ်းရည်
ဇန္နဝါရီ ၂၁၊ ၂၀၂၀
Comments
Post a Comment