တခါက ဝတ္ထုတိုကလေးတပုဒ် ဖတ်လိုက်မိသည်။ ဆွီဒင် စာရေးဆရာတဦး၏ ဝတ္ထုတိုဖြစ်သည်ဟု မှတ်ထင်မိ၏။ ဝတ္ထုအမည် စာရေးဆရာအမည် စသည်တို့ကို မေ့သွားလေပြီ။ သို့ရာတွင် လူ့သဘာဝ အချက်ကလေးတချက်ကိုကား မှတ်မိပါသေးသည်။
ဝတ္ထုအကြောင်းမှာ နာတာရှည် အဖိုးကြီးတယောက်ကို စောင့်ရှောက်နေရသော သားသည် သူတယောက်တည်း မပြုစုနိုင်၊ ဝမ်းရေးအတွက် လုပ်ကိုင်ရသောကြောင့် မိန်းမကြီးတယောက် ငှားရသည်။ သားသည် အလွန်ဆင်းရဲသည်။ နာတာရှည် လူမမာဖခင်ကြီးမှာ သေတော့မည် တကဲကဲ ဖြစ်နေသော်လည်း မသေသေးဘဲ သားတွက်ကိန်းထက် လေးငါးခြောက်ရက် ပို၍ နေသွားသည်။
သားသည် သူ့ဖခင် သေသွားသောအခါ ငေး၍ အပိုလေးငါးခြောက်ရက်အတွက် လူမမာ စောင့်ခကို စိတ်တွက်နှင့် တွက်နေလေသည်။ သူထင်သည့်အတိုင်း သူ့ဖခင် သေဆုံးပါမူ သူ့အဖို့ ငွေမည်မျှသက်သာမည်ဟုတွက်ကာ ငေးနေလေသည်။
ထိုဝတ္ထုကလေးမှာ တကယ်တမ်းအားဖြင့် စွဲစရာမက်စရာ မရှိဟု ဆိုရချေမည်။ သို့ရာတွင် လေးလေးနက်နက် တွေးသောအခါ၌ လူ့သဘာဝသည် ထင်ရှားစွာ သရုပ်ပေါ်လာလေသည်။ ဝမ်းရေးအတွက် ခက်နေသော တသက်လုံး ဆင်းရဲသည့် သားအဖို့ သူ့ဖခင် စောစောသေလျင် သူ့အဖို့ သက်သာမည်။ လေးငါးခြောက်ရက် ပို၍နေရသဖြင့် လူမမာ၌ ဝေဒနာ ပို၍ ခံစားရသည်ထက် ပို၍ အကျိုး မခံစားရချေ။ သားအဖို့လည်း ငွေကြေးပို၍ နစ်နာသည်။ ထိုကြောင့် အဖေသေသည်ကို မပူဆွေးနိုင်ဘဲ ငွေကြေးကို စိတ်တွက်တွက်နေသော သားအား မည်သို့အပြစ်တင်ရပါမည်နည်း။ (တက်တိုး)
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment