Skip to main content

ရှင်အုန်းညိုပြဿနာ – ဆန်းထွန်း(မန်းတက္ကသိုလ်)

(၁)

တိုးတိုးတိတ်တိတ် ‘တုံဆိတ်ကွယ်ရာ’ပြောဆိုပေါ်ထွက်ခြင်းလည်း ရှိသည်။

ထိုပြဿနာများအနက် စာဆိုလိပ်မှတ် ကမ္ပည်းတပ်မှုနှင့်ပတ်သက်၍ ပြောဆိုပေါ်ထွက်သောပြဿနာစုကို အနည်းငယ်တင်ပြလိုပေသည်။

နန်းမြေအောင်ချာ

၁။ နန်းမြေအောင်ချာ…ချီသော အင်းဝရွှေစည်းခုံဖုရားတိုင် ရတုပိုဒ်စုံကို ဆရာအချို့က ရှင်မဟာသီလဝံသဆိုသည်ဟု ယူဆမှတ်သားကြ၏။ ဆရာအချို့က ရှင်မဟာရဋ္ဌသာရဆိုသည်ဟုယူဆမှတ်သားကြ၏။ ဤလည်း ပြဿနာတရပ်။

(ကျွန်ုပ်၏ပေမူ၊ အုပ်တွဲ ၂၂-၃။ ဒဂုန်မဂ္ဂဇင်း အင်းဝခေတ်ကဗျာစစ်ပွဲ။ အနုစာပေ။)

အောင်ချာနန်းမြေ

၂။ အောင်ချာနန်းမြေ…ချီသော ပြည်ဆံတော်ဖုရားတိုင်ရတုပိုဒ်စုံကို ဆရာအချို့က ရှင်မဟာရဋ္ဌသာရ၊ ဆရာအချို့က ပြည်မြို့ ဝံတောင်လယ်ဖုန်းတော်ကြီးရှင်သဒ္ဓမ္မဇောတိ ဆိုသည်ဟုယူဆမှတ်သားကြ၏။ ။တရပ်။

(ကျွန်ုပ်၏ပေမူ၊ ၁၉၄၈၊ ဧပြီလ၊ ဒဂုန်မဂ္ဂဇင်း အင်းဝခေတ်ကဗျာစစ်ပွဲ။ ကဗျာဗန္ဓသာရ)

နှစ်ကူးလည်၍

၃။ နှစ်ကူးလည်၍…ချီသော ရခိုင်မှအင်းဝပေးရတုပိုဒ်စုံကို အချို့က ရှင်မဟာရဋ္ဌသာရ၊ အချို့က ရှင်တေဇောသာရ စပ်ဆိုသည်ဟုအဆိုကွဲလွဲလျက် ရှိသည်။ ။တရပ်။

(ကဗျာသာရတ္ထသင်္ဂြိုဟ်၊ (ဆရာလွန်း)။ ကဗျာသာရတ္ထသင်္ဂဟ(ဦးဗုဓ်)၊ ပေါရာဏကထာဋီကာ။)

မြတ်မျိုးမြင့်မှန်

၄။ မြတ်မျိုးမြင့်မှန်…ချီသော ဧကပိုဒ်ရတုကို အချို့က ရှင်မဟာရဋ္ဌသာရ၊ အချို့က ဇေယနန္ဒမိတ်ဆိုသည်ဟုအမှတ်အသားကွဲလျက် ရှိသည်။ ။တရပ်။

(ကဗျာဗန္ဓသာရ၊ အနုစာပေ။ ရှင်ဝိစိတ္တာစာရစာငယ်။)

မဇ္ဈိမတိုက်

၅။ မဇ္ဈိမတိုက်…ချီသော ပရိတ်မေတ္တာစာရတုပိုဒ်စုံကို အချို့က ရှင်မဟာရဋ္ဌသာရ၊ အချို့က ရှင်တေဇောသာရ စပ်ဆိုသည်ဟုအမှတ်အသား ကွဲလွဲလျက်ရှိသည်။ ။တရပ်။

(ကျွန်ုပ်၏ကော်ပီမူ၊ ဘဝပတ်ဝန်းကျင်ကဗျာ။ ကဝိလက္ခဏသတ်ညွှန်း။)

အရညကင်

၆။ အရညကင်…ချီသော တောဝင် တောနေ ရတုပိုဒ်စုံကို အချို့က ရှင်မဟာသီလဝံသ၊ အချို့က ဝံတောင်လယ်ဖုန်းကြီး၊ အချို့က တောင်ဖီလာဆရာတော်စပ်ဆိုသည်ဟု အမှတ်အသား ကမ္ပည်းလိပ်စာအကွဲကွဲ ရှိသည်။ ။တရပ်။

(ကဗျာသင်္ဂဟမေဒနီ၊ ဒေါင်းဋီကာသစ်။)

ကျူးရင့်၏လေ

၇။ ကျူးရင့်၏လေ…ချီသော တောလားရတုပိုဒ်စုံကို အချို့က နဝဒေး၊ အချို့က ဇေယရန္တမိတ်ဆိုသည်ဟု အမှတ်အသားကွဲသည်။ ။တရပ်။

(နဝဒေးရတုပေါင်းချုပ်။ ဝေါဟာရလီနတ္ထဒီပနီ။)

ကျူးလတည့်လေ

၈။ ကျူးလတည့်လေ…ချီသောရေလားရတုပိုဒ်စုံကို အချို့က လှော်ကားသုံးထောင်မှူး၊ အချို့က နဝဒေးကြီးဆိုသည်ဟု အမှတ်ကွဲသည်။ ။တရပ်။

(အထက်တန်းမြန်မာကဗျာကောက်နုတ်ချက်။ နဝဒေးရတုပေါင်းချုပ်။)

အံ့မူးပေရာ

၉။ အံ့မူးပေရာ…ချီသော မယ်ဘွဲ့ရတုပိုဒ်စုံကို အချို့က စစ်ကိုင်းရွှေဥမင်ဖုန်းတော်ကြီး၊ အချို့က နဝဒေးကြီးဆိုသည်ဟု ကွဲသည်။ ။တရပ်။

(ကျွန်ုပ်၏ကော်ပီမူ။ နဝဒေးရတုပေါင်းချုပ်)

နီလာရောင်ခြည်

၁ဝ။ နီလာရောင်ခြည်…ချီသော မယ်ဘွဲ့ရတုပိုဒ်စုံကို အချို့က ရွှေဥမင်ဖုန်းတော်ကြီး၊ အချို့က နန္ဒသူရိယဆိုသည်ဟုကွဲသည်။ ။တရပ်။

(ကျွန်ုပ်၏ကော်ပီမူ။ ဦးမဏိပေါရာဏ၊ ပေါရာဏကထာဋီကာ။)

အနပ္ပကမ်း

ယခုဖော်ပြခဲ့သော ပြဿနာ ၁ဝ ချက်ကား အပ္ပ=အနည်းငယ်(အ,ပ္ပ-ကို ပိဋကတ်သင်္ချာ=ဝဏ္ဏသင်္ချာနည်းယူသော် တဆယ်(၁ဝ)ရ၏) တစတနထုတ်ပြခြင်းမျှသာ ဖြစ်သည်။

အင်းဝခေတ်စာဆိုတော်များ၊ တောင်ငူခေတ်စာဆိုတော်များအချင်းချင်း စာဆိုကမ္ပည်းလိပ်မှတ်ကွဲလွဲချက်ကား “အနပ္ပကမ်း”တင်းကျမ်းပည်းဖြင်အတင်တင်ဖြစ်၍ ကုန်စင်အောင် ဆိုနိုင်တော့မည် မဟုတ်ပေ။

ခဲတံ, ဖောင်တိန်, ကလောင်, ကညစ် ရေးခြစ်ကိရိယာတန်ဆာပလာ၏နယ်ကို လွန်သည်။ ဆိုမြည်တွတ်တွတ်၊ ဖတ်ရွတ်ခြင်း၏အကြောင်း၊ နှုတ်ကောင်းလျှာကောင်း၏အရာကို လွန်သည်ဟုဆိုလိုသည်။

(၂)

ဤသို့ လိပ်မှတ်ကမ္ပည်း ကွဲလွဲသောပြဿနာထက် ထူးခြားသောပြဿနာတရပ်ကား၊ ရှင်အုန်းညို… သို့မဟုတ် ဂါထာခြောက်ဆယ်ပျို့ဆရာသည် ဂီဟိဘာဝ-လူဝတ်ကြောင်လေလော… ယတိဘာဝ-ရဟန်းတော်အသျှင်မြတ်လေလော…ဟူသော ပြဿနာတရပ်ပေတည်း။

ထိုပြဿနာ၏အဖြေအတွက် အခြေအမြစ်ကို စူးစမ်းသော် အရေးကြီးသောနယ်ခြားမှတ်တိုင်တတိုင်ကို တွေ့ရသည်။

ထိုနယ်ခြားမှတ်တိုင်ကား အခြားမဟုတ်။ လူမည်ဦးလုံး၊ ရဟန်းမည် ဦးရေဝတ၊ တောင်တွင်းကြီးမြို့၊ ကန်တော်မင်းကျောင်းဆရာတော်(၁၂ဝ?-၁၂၈၈)အသျှင်မြတ် ရေးသားစီရင်၍ ၁၂၆၇ ခု၊ တန်ဆောင်မုန်းလပြည့်၊ သောကြာနေ့ပြီးသော “ဆရာတော်ခင်ကြီးဖျော်၏အတ္ထုပ္ပတ်”ပင်တည်း။

ထိုအတ္ထုပ္ပတ်ကို နယ်ခြားမှတ်တိုင်တခုအနေထား၍ ထိုအတ္ထုပ္ပတ်၏အလျင်ကျသော ခေတ်နောက်ပိုင်းကျသောခေတ်-ခေတ်နှစ်ခေတ်ပိုင်းခြားလျက် တဖန် စူးစမ်းသော်… အလျင်ကျသောခေတ်စာပေများ၌ ရှင်အုန်းညိုကို လူဝတ်ကြောင်စာဆိုကိုသာ အမှတ်အသားပြုကြသည်ကို တွေ့ရ၏။

“နဝဒေး၊ ရှင်အုန်းညို၊ ပယ်သငယ်စား ။ပ။ ပဒေသရာဇာစသောမှူးမတ်ပညာရှိတို့ စပ်ဆိုရေးသားကြသည့်ရတုများကို…”(ကဝိလက္ခဏဒီပနီ၊ ရတုချဖွယ်-အဖွင့်)

ယင်းကဝိလက္ခဏဒီပနီ၊ ရတုချဖွယ်အဖွင့်၌ပင် ‘ရှင်’မည်ရစာဆိုအမတ်များကို ကောက်နုတ်မော်ကွန်းတင်ထားသည်။

ရှင်မည်ရစာဆိုအမတ်များ

၁။ ရှင်အုန်းညို

၂။ ရှင်သူရဲ

၃။ ရှင်မြေလူး

၄။ ရှင်ရဲဘော်

၅။ ရှင်သံကိုယ်

၆။ ရှင်ရဲထင်

“ထောင်သင်း၊ သံကိုယ်၊ မိညို၊ အုန်းညိုစသောစာဆိုပညာရှိတို့၏”(ဝေါဟာရတ္ထပကာသနီ၊ တတိယ၊ ၂ဝ၃ နှာ၊ ဧရာဝတီ)

“ထောင်သင်း၊ သံကိုယ်၊ မိညို၊ အုန်းညို အာဒိ-? ပဏ္ဍိတေဟိစ”(ပေါရာဏကထာဋီကာ၊ ၂၄၂ နှာ)

နောက်ပိုင်းကျသော စာပေများ၌ကား ရှင်အုန်းညိုကို ရဟန်းတော်ကြီး(မဟာထေရ်)အဖြစ် အမှတ်အသားပြုကြသည်။

“တောင်တွင်းကြီးမြို့၊ ပေလေးပင် သျှင်လေးပါး‌ ရှေးသူဟောင်းစကားအရ သျှင်ဥတ္တမကျော်၊ သျှင်သီလဝံသ၊ ရှင်အုန်းညို၊ ရှင်ခေမာ လေးဖြာသောမဟာထေရ်တို့တွင် ရှင်အုန်းညိုမဟာထေရ်သူမြတ်သည်xxx”(ဂါထာခြောက်ဆယ်ပျို့၊ အတ္ထုပ္ပတ္တိစာတမ်း၊ ဇ။)

“ကျောက်ကြီးငါးခို၊ မီးကြီးငြမ်းခို၊ သစ်ကြီးရိပ်ခို”အနေအားဖြင့် ဆင့်ပွား-ဆင့်ကူး ရေးသားကြသော အတ္ထုပ္ပတ္တိဆရာတို့တွင် တဦးတယောက်မျှ “ဂါထာခြောက်ဆယ်ပျို့အတ္ထုပ္ပတ္တိစာတမ်း”အဆိုကို လွန်နိုင်သည်မရှိ။

ဤသို့အားဖြင့် “ရှင်အုန်းညိုမဟာထေရ်”ဟူသောအစွဲအမှတ်အသား မည်မျှစူးဝင်ပြန့်ပွားနေသနည်းဆိုသော်… တရံတခါ စာသမား ပေသမား လေ့လာရေးသမားတဦးဦးအား “ရှင်အုန်းညိုဟူသည် ဖုန်းကြီးမဟုတ်၊ အမတ်ပညာရှိတဦးပါ”ဟု ကျွန်ုပ်က ဆိုလတ်သော် ထိုသူ၏မျက်လုံးသည် အတန်ပြူးလှာ၍ နဖူး မျက်မှောင် တဖန်တွန့်ကုပ်သွားတတ်သည်ကိုပင် တွေ့ခဲ့ရဘူးပေသည်။

နယ်ခြားမှတ်တိုင်ဖြစ်သော ‘ဆရာတော်ခင်ကြီးဖျော်၏အတ္ထုပ္ပတ်’စာမျက်နှာ ၂, ၃-တို့၌ အောက်ပါစာကြောင်းများကို တွေ့ရခြင်းကြောင့်သာ စာပေနယ်တခွင် ပြဲပြဲစင်အောင် ‘ရှင်အုန်းညိုမဟာထေရ်’ဖြစ်ခဲ့ရလေသည်။

“သက္ကရာဇ် ၈၃ဝ ပြည့်ဘွား၊ ငယ်မည်ဦးညို၊ ရဟန်းမည်အရှင်မဟာသီလဝံသနှင့်အရှင်ဥတ္တမကျော်၊ အရှင်အုန်းညို၊ အရှင်ခေမာဟူသော ရဟန်းတော်လေးပါးသည်”

“ရဟန်းတော်လေးပါး အမည်အားဖြင့် အရှင်မဟာသီလဝံသ၊ အရှင်ဥတ္တမကျော်၊ အရှင်အုန်းညို၊ အရှင်ခေမာဟုxxx”

“အရှင်မဟာသီလဝံသ၊ အရှင်ဥတ္တမကျော်၊ အရှင်အုန်းညို၊ အရှင်ခေမာ ပညာစွယ်လှ မဟာထေရတို့၏xxx”

(၄)

သက္ကရာဇ် ၁၂၅ဝ ခု၊ နတ်တော်လဆန်း ၁၁ ရက်၊ သောကြာနေ့၊ ၃ ချက်တီးအချိန်ပြီး၊ မင်းကြီးမဟာသီရိဇေယသူ စီရင်အပ်သော ‘ပိဋကတ်သမိုင်းစာတမ်း’၌ ဂါထာခြောက်ဆယ်ပျို့ကို ရှင်အုန်းညိုစပ်ဆိုကြောင်း သာမန်မျှ အမှတ်အသားပါသည်။

ဂါထာခြောက်ဆယ်ပျို့နိဂုံး၌လည်း ရွှေနန်းကြော့ရှင် ဘုရင်နရပတိ(၈၆၃)လက်ထက် အမတ်မျိုးရိုးမဆင်းသက်သော ပညာရှိတဦး စပ်ဆိုကြောင်းမျှလောက်သာ အထောက်အထားရသည်။ (စာပြီးသကရာဇ် ၈၇၉၊ ကဆုန်လပြည့်၊ သောကြာနေ့)။

‘ရှင်အုန်းညိုဆို’ဟု အမှတ်ပါသော စစ်ကိုင်းပုညရှင်ဖုရားတိုင် ပိုဒ်စုံရတု၊ တတိယပိုဒ်၌-

“ရခဲထူးဆန်း၊ ဆောင်းတွင်းပန်းကို၊ ကြငှန်းဇမ္ဗူ၊ ကျိုက်ဆူကြည်ညွတ်၊ ပုညထွက်ဝယ်၊ စိတ်ပြတ်သဒ္ဓါ၊ မေတ္တေယျာ၌၊ ကျွတ်ခါအတူ၊ တင်ဆက်လှူသည်၊ အိမ်သူရှင်သာ မမယ်သော။ ။”ဟု တွေ့ရသည်။

‘ဆောင်းတွင်းပန်း’ကို ပုညရှင်ဖုရားအား တင်လှူရသောကြောင့် မေတ္တေယျဖုရားရှင်ထံမှောက်ဝယ် အိမ်သူရှင်မနှင့်အတူ ကျွတ်ဆုပန်ဆင်လိုကြောင်း တောင်းဆိုသောအသံနှင့် ‘မဟာထေရ်’ဆိုသောအမှတ်အသား ကွာခြားလွန်းသည်ထင်သည်။

ဤအရာကို ပညာရှင်တို့ သနီသနဲ ကုတ်ကော်၍ ထုတ်ဖော်ရှင်လင်းသင့်ပေသည်။

ကျမ်းညွှန်း

မြဝတီမဂ္ဂဇင်း၊ ၁၉၅၉ ခု၊ စက်တင်ဘာလ၊ အတွဲ ၇၊ အမှတ် ၁၁၊ နှာ-၄၉-၅၁။

မြန်မာစာပေဘဏ်တိုက်

https://shanyomaelibrary.wordpress.com/

ကျေးဇူး။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ