“သူငယ်ချင်းရာ၊ မင်းမိန့်ခွန်းခြွေနေတာက ဥပစာတွေ တခွဲသားလောက်နဲ့ဆိုတော့ ဗူးလုံးနားမထွင်းနဲ့ ဘာမှ လိပ်ပတ်မလည်ဘူး၊ နားခါးရုံမက ဦးနှောက်ပါ ခြောက်တယ်ကွာ”
ဤဝါကျကို ကြည့်ပါ။ ဥပစာ မည်မျှပါရှိနေပါသနည်း။
မိန့်ခွန်းခြွေ။ ။ တကယ်မိန့်ခွန်း မဟုတ်သောစကားပြောခြင်းကို မိန့်ခွန်းဟုသုံးထားပေသည်။ မိန့်ခွန်းကို ပြောသည်ဟု မဆိုပဲ အပင်မှအသီးကိုလည်းကောင်း၊ အသီးမှအစေ့ကိုလည်းကောင်း ခြွေထုတ်သကဲ့သို့ နှုတ်မှစကားလုံးများ ဖွင့်ထုတ်လိုက်ခြင်းကို ခြွေသည်ဟုသုံးနှုန်းထားသည်။
တခွဲသား။ ။ ဥပစာများ အများအပြား ပါသည်ကို ပဲ၊ ဆန် စသည့်ဝတ္ထုပစ္စည်းကို ခြင်တွယ်၍ ပမာဏ သတ်မှတ်သည့် တတင်း၊ တခွဲ ဟူသောစကားဖြင့် တင်စား၍ ဥပစာ တခွဲသားဟု ဆိုထားသည်မှာ ဥပစာဝေါဟာရပင် ဖြစ်သည်။
ဗူးလုံးနားမထွင်း။ ။ ဤစကားမှာလည်း အပေါက်မဖောက်၊ နားမထွင်းသောရေဗူးကို ရေတွင် နစ်သော်လည်း အတွင်းသို့ ရေမဝင်သည့်သဘောကို ယူ၍ စကားနားမဝင်၊ အဝင်မဖြောင့်ဖြူးသည်ကို တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။
လိပ်ပတ်မလည်။ ။ ဤစကားမှာလည်း ယက်ကန်းစင်၌ အထည်အဆင် ရက်သည့်အခါ အဆင်လိပ်လုံးတပတ်စာ၊ (ဝါ) လိပ်လုံးတပတ်လည်အတိုင်း အထွာပမာဏရောက်သည့်အခါမှ မည်သည့်အကွက်အဆင်ဟူ၍ သိသာပေါ်လွင်လာသည်ကို အကြောင်းပြု၍ ဆိုလိုရင်းတခုလုံး အကွက်မလည်၊ ရုပ်လုံး မပီပြင်သေးသောအခါတွင် တင်စားသောဝေါဟာရပင် ဖြစ်သည်။
နားခါးသည်။ ။ ဤစကားမှာလည်း လျှာအရသာ၌ မနှစ်မြို့ဖွယ် အခါးအရသာ ပေါ်သည်ကို အကြောင်းပြု၍ နားအရသာ သဒ္ဒါရုံကိုလည်း လျှာအရသာ ရသာရုံကဲ့သို့ တင်စား၍ နားခါးသည်ဟုဆိုထားခြင်း ဖြစ်သည်။
ဦးနှောက်ခြောက်။ ။ ဤစကားမှာလည်း စဉ်းစားဉာဏ်သည် ဦးနှောက်နှင့်သက်ဆိုင်သည်ဟု ယူဆထားရာ စဉ်းစား၍ မရ အကြံဉာဏ်ကုန်သောအခြေအနေတွင် ဉာဏ်ခန်းခြောက်သည်ဟူ၍လည်းကောင်း၊ ဦးနှောက်ခြောက်သည်ဟူ၍လည်းကောင်း တင်စားသုံးနှုန်းကြခြင်း ဖြစ်သည်။
မြန်မာတို့သည် ဥပစာစကားလုံးများ ဖြစ်ကြောင်း အမှတ်မထားပဲနှင့်ကြားဖူးနားဝဖြင့် ဥပစာများကို ဖောဖောသီသီ သုံးစွဲနေကြကြောင်း တွေ့နိုင်သည်။ ကဗျာ လင်္ကာ စာကြီးပေကြီးတို့တွင်သာမက နေ့စဉ်ပြောဆိုသောစကားများ၌ပင် ဥပစာများ အများအပြား ပါဝင်နေသည်။
ဤနည်းအားဖြင့် မူလက ဥပစာစကားများသည် ပြောဖန်၊ ကြားဖန်များ၍ သာမန်သုံးစွဲနေကျ၊ အလွယ်အသင့် နားလည်နိုင်သော စကားများ ဖြစ်လာကြပေသည်။ ဥပစာတင်၍ ပြောဆိုနေမိသည်ကိုပင် အမှတ်မထားမိကြတော့ပေ။
“မင်းက အင်မတန် နားဝေးတယ်၊ ပြောရတာ သိပ်လက်ဝင်တယ်”
ဤစကားတခွန်းကို ကြားခါမျှနှင့် ဆိုလိုရင်းကို နားလည်နိုင်ပေသည်။ ကလေးတယောက်သည်ပင် ဘာကို ပြောနေကြောင်း သဘောပေါက်ပေသည်။ သို့ရာတွင် ထိုစကားမှာပင် ဥပစာများ မလွတ်ပေ။
နားဝေးသည်။ ။ ဆိုသည်မှာ နားရွက်က အလှမ်းဝေးသည်ကို မဆို။ နားလည်ရန် ကွာလှမ်းနေသည်။ အလွယ်တကူ နားမလည်နိုင်သည်ကို တင်စား၍ ဆိုထားပေသည်။ “နား”သည် ပကတိနားမှတဆင့် ကြားသိရာမှ သိနားလည်မှုကို တည်ရာဌာနအားဖြင့် တင်စားဆိုထားသောစကားလုံး ဖြစ်ပေသည်။ နားနှင့်ကွာလှမ်းလျှင် အကြားရ အားနည်းပေမည်။ ဉာဏ်ထဲသို့ အသိဝင်ရန် ခက်သည်ကို နားအလှမ်းဝေးသည်ဟူ၍လည်းကောင်း၊ နားလည်မှု ကွာလှမ်းသည်ဟူ၍လည်းကောင်း ရည်ညွှန်းသုံးစွဲထားခြင်း ဖြစ်သည်။
လက်ဝင်သည်။ ။ ဆိုသောစကားမှာလည်း အနုပညာပန်းချီ၊ ပန်းပုစသော လက်မှုပညာရပ်ကို အနုစိတ်လုပ်ကိုင်မွမ်းမံရာတွင် လက်၏လှုပ်ရှားဆောင်ရွက်မှု အများအပြား ပါဝင်ရသည်ဟူ၍ မူလဆိုလိုရင်းဖြစ်လျက် ပင်ပန်းတကြီး၊ ဂရုတစိုက် အားထုတ်ဆောင်ရွက်ရသည်ကိုပင် လက်ဝင်သည်ဟူ၍ တင်စားသုံးနှုန်းထားခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် နေ့စဉ်နှင့်အမျှ သုံးစွဲနေသော စကားလုံးများတွင် ဥပစာစကား အမြောက်အမြား ပါဝင်ပေမည်။ တနေ့တာ အိမ်၊ ရုံး၊ ကျောင်း၊ အလုပ်ခွင်၊ ပတ်ဝန်းကျင် အသီးသီးတွင် ပြောဆိုခဲ့သော ဥပစာအသုံးအနှုန်းများကို မှတ်တမ်းတင်၍ ကြည့်လျှင် မြန်မာလူမျိုးများသည် ဥပစာစကားလုံးနှင့်မည်မျှ အကျွမ်းဝင်၍ မည်မျှ ကြွယ်ကြွယ်ဝဝ သုံးနှုန်းနေသည်ကို တွေ့ရမည်။
ပြောဆိုလိုရာကို ပြောနိုင်ရန် တီထွင်ဖန်တီးထားသောဝေါဟာရများကို သရုပ်ခွဲကြည့်လျှင်လည်း ဥပစာများနှင့်ဖွဲ့စပ်ဖန်တီးထားသည်ကို တွေ့ရမည်။
မျက်စိရှုပ်သည်၊ မျက်စိနောက်သည်၊ အမြင်ကျယ်သည်၊ မျက်စိစပါးမွှေးစူးသည်၊ မျက်လုံးကစားသည် စသောစကားလုံးများသည် တကယ့်မျက်စိ၏အဖြစ်အပျက် မဟုတ်။ မျက်စိကို အကြောင်းပြု၍ ခံစားမှုနှင့်ပြုမူချက်၊ အခြေအနေ စသည်တို့ကို သွယ်ဝိုက်ပြောဆိုသောစကားများသာ ဖြစ်သည်။
ထိုနည်းတူပင် လက်ဝင်သည်၊ လက်ခက်သည်၊ လက်ဆော့သည်၊ လက်ကုန်သည်၊ လက်ရှုပ်သည်၊ လက်ဖွာသည် ၊ လက်လျှော့သည်၊ လက်ဖျားခါသည်၊ လက်ဝှက်သည်၊ လက်လျှိုသည် စသော များစွာသောစကားလုံးတို့သည်လည်း ဥပစာစကားလုံးများသာ ဖြစ်သည်။
ရင်နာသည်၊ ရင်ကွဲသည်၊ ရင်ကျိုးသည်၊ ရင်ဖွင့်သည်၊ ရင်အေးသည်၊ ရင်ဆို့သည်၊ ရင်လင်းသည် စသည်တို့သည်လည်းကောင်း၊ ခြေထိုးသည်၊ ခြေချသည်၊ ခြေယိုင်သည် စသည်တို့သည်လည်းကောင်း၊ သွေးပူသည်၊ သွေးအေးသည်၊ သွေးနီသည်၊ သွေးပြောသည်၊ သွေးဆာသည်၊ သွေးဆူသည် စသည်တို့သည်လည်းကောင်း ခံစားမှု၊ စိတ်၊ အပြုအမူစသည်တို့ကို ကိုယ်ခန္ဓာအစိတ်အပိုင်းတခုခုနှင့်တင်စားပြောဆိုချက်များသာ ဖြစ်၍ သုံးဖန်များသဖြင့် အချိန်ယူ၍ မစဉ်းစားရပဲ ပြောသံကြားရုံနှင့် ဒက်ကနဲ နားလည်နိုင်လေသည်။ ဤသို့ အလွယ်နှင့်နားလည်နိုင်သောကြောင့်လည်း တင်စားစကား ဥပစာစကားဟု သဘောမပိုက်တော့ပဲ တိုက်ရိုက်ပြောနေကျစကားဟု ထင်မှတ်လာခဲ့ကြပေသည်။
နေ့စဉ်သတင်းစာများကို ဖတ်လျှင်-
ကြက်သွန် အဝယ်လိုက်သည်။
အလုပ်ရှင်က အကြမ်းကိုင်ခြင်း။
သူခိုးကို မျက်ခြည်ပြတ်သွားသည်။
ယှဉ်ပြိုင်သူတို့က တဖူနာ၏။
မိုးမရွာမီ တက်သုတ်နှင်၍ ရိတ်ကြသည်။
ရပ်ကွက်တခုလုံး ပွက်လောရိုက်သွားသည်၊
ရွှေကို အလျားထိုး ဝယ်ယူစုဆောင်း၏။
လက်ဝှေ့ကျော်က စိန်ခေါ်ပြီ။
မိုးရွာလာ၍ ဝမ်းသာလုံးဆို့ကြ၏။
စသည့်ဥပစာစကားများကို ဖတ်ရှုနေကြရမည်။
မြန်မာတို့သည် တိုက်ရိုက်ပြောဆိုရသည်ထက် အခြားတနေရာတွင် သုံးသောစကား၊ အထူးဖွဲ့စပ်ထားသောစကားတို့ကို ဆွဲယူ၍ ပြောဆိုရသည်ကို ပို၍နှစ်သက်ကြသည်။ ခံတွင်းတွေ့ကြသည်။ ထို့ကြောင့် စကားလုံး၏မူလအဓိပ္ပါယ်သည် ပျောက်၍ တဆင့်သုံးသော အဓိပ္ပါယ်ကသာလျှင် ထင်ပေါ်လာခဲ့သည်။ သာဓကအားဖြင့်-
“ခံတွင်းတွေ့”ဟူသောစကားသည် အရသာအာဟာရနှင့်ခံတွင်းထိတွေ့သည်ကို မူလဆို၏။ ထိုမှတဆင့် စား၍ အရသာပေါ်သည်၊ အရသာရှိသည်ဟူသောအနက်သည် ပေါ်လာ၏။ တဖန် ထိုမှတဆင့် ရသာရုံသာမဟုတ်။ အခြားအာရုံ တခုခုနှင့်ထပ်၍ လွှဲပြောင်းအသုံးချပြန်၏။ အထူးသဖြင့်-
“ဒီဝတ္ထုက ခံတွင်း မတွေ့ဘူး”
ဟူ၍ သုံးပြန်လေသည်။ တဖန်
“ဒီသီချင်း ဆိုရတာ ခံတွင်း မတွေ့ဘူး”
ဟူ၍လည်း သုံးပြန်သည်။ ဤတွင် ခံတွင်းနှင့်တိုက်ရိုက်သက်ဆိုင်သော်လည်း အစားအာဟာရကို မဆို၊ သီဆိုခံစားမှု၊ နှုတ်အာနှင့်သီချင်း လိုက်လျော အဆင်သင့်မှုအရသာကို ပြောင်းလဲရည်ညွှန်းပေသည်။ ဤနည်းဖြင့် ဝေါဟာရတို့ မူလအသုံး၊ မူလနယ်ပယ်မှ ရွေ့ပြောင်းလာလေ့ရှိပေသည်။
ထိုနည်းအတူပင် “စိန်ခေါ်သည်” ဟူသောစကားသည် လိုက်တမ်းပြေးတမ်း ကစားရာတွင် ပြေးသူသည် အလိုက်ခံရန် အသင့်ဖြစ်သောအခါ “စ၍ လိုက်ဖမ်းနိုင်ပြီ၊ လိုက်ဖမ်းတော့”ဟူ၍ လိုက်သူအား ကြေငြာသော အသိပေးချက်ပင် ဖြစ်ပေသည်။ “ဖမ်းနိုင်ပြီ၊ ဖမ်းသူကို လွတ်အောင် အကြိတ်အနယ် ပြိုင်၍ ပြေးတော့မည်”ဟူ၍ “စိန်…စိန်”ဟူသော သင်္ကေတစကားကို ရွတ်ဆိုပေသည်။ ဤသို့ပြောဆိုရာမှ စိန်ခေါ်ခြင်းသည် ယှဉ်ပြိုင်ရန် အသင့်ရှိကြောင်း ကြေငြာခြင်းဖြစ်၍ အပြိုင်အဆိုင် ယှဉ်ဘက်ပြိုင်၍ ပြုလုပ်မှုကိုပင် စိန်ခေါ်ခြင်းဟူ၍ သုံးစွဲလာလေသည်။
ထိုနည်းအားဖြင့် တနေရာမှစကားသည် တနေရာသို့ ရွေ့ပေသည်။ အဓိပ္ပါယ် အဟောင်းမှသည် အသစ်သို့ရွေ့ပေသည်။ မူလဆိုလိုရင်းအနက် မတွင်ကျယ်တော့ပဲ နောက်သုံးသည့်အဓိပ္ပါယ်ကိုသာ နားလည်သည်။
နောက်ဆံတင်းသည်။ ။ ပကတိဦးခေါင်းက ဆံပင်ကင်းနေသည့်အခါတွင် ပြောဆိုလေ့ရှိ မရှိတော့ပေ။ နောက်ပိုင်းတွင် ကြောင့်ကြငဲ့ကွက်မှု ပြင်းပြသည်ကိုသာ သုံးလေ့ရှိပေသည်။
ချေးများသည်။ ။ မူလကိုယ်ခန္ဓာ၌ အညစ်အကြေး ထူထပ်သည်ကိုသုံးစွဲခြင်း မရှိသလောက်ဖြစ်၍ အဆာကျယ်ခြင်း၊ ဇီဇာကြောင်ခြင်း၊ ရွေးချယ်လွန်းခြင်း စသောအနက်အတွက်သာ သုံးလေ့ရှိပေသည်။
သဝေထိုးသည်။ ။ မူလက သဝေထိုးကို ရေးသားသည်တွင် သုံးစွဲခြင်း နည်းပါး၍ အခြားတနေရာသို့ ဦးတည်ရှောင်လွှဲ၍ သွားခြင်းအနက်မျိုးတွင်သာ ပို၍ အသုံးများလေသည်။
ဤသို့အားဖြင့် မူလအနက်အဓိပ္ပါယ်က မတွင်ကျယ်ပဲ ဆွဲစပ်တင်စားရာ အနက်သစ်၊ နေရာသစ်တွင် ကြီးပွား ထွန်းကား တွင်ကျယ်နေသည်များလည်း ရှိပေသည်။
ဤတင်စားစကားလုံးများသည် မြန်မာစကား၏အဆင်တန်ဆာသာ မဟုတ်။ အသည်းနှလုံးများပင် ဖြစ်နေပေသည်။ ခေတ်ကာလအလျောက် ယင်းတင်စားဥပစာစကားလုံးများသည် ဆက်လက်တိုးဝင်နေဦးမည်ပင် ဖြစ်သည်။
ကျမ်းညွှန်း
မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မတ်လ၊ အတွဲ ၂၉၊ အမှတ် ၅၊ နှာ ၃၅-၃၇။
မြန်မာစာပေဘဏ်တိုက်
https://shanyomaelibrary.wordpress.com/
ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment