ညတညရဲ့
မြနှင်းဆီရင်ပြင်ပေါ်မှာ
မပျော့်တပျော် မှေးတခဏ
ကလေးဘဝ လွမ်းမိတယ်။
ကျားလျှာချုံ ဆူးချုံနိမိတ်
ဆီးချိုရိပ် တလင်းသာမှာ
ငြင်းကာ ခုန်ကာ မောင်နှမ
ပြောင်စလိုက် ရန်ဖြစ်လိုက်
ကုန်းကိုက်လို့ အမေ့တိုင်
မနိုင် နိုင်ရာမဲလို့
ခွေးဝဲစား ကန်ချင်ကန်
ရန်စဲယင် ပြန်ခေါ်လို့
ပျော်ပျော်ပင် ဆိုသီချင်းတွေနဲ့
အမေ့ကို နှိပ်နယ်နင်းကြ
မောင်ရင်းနှမငယ်။
နောင်အခါ မောင်ဘာဖြစ်မှာလဲ
စိတ်ညစ်ဖွယ် နောင်အရေးကိုဖြင့်
မတွေးပေါင် တို့မောင်နှမ
မိဖရဲ့ အရိပ်ဝယ်
ရယ်သံကလျှံဆဲ။
စစ်မီးတွေလောင်
ပစ္စည်းတွေ အကုန်ပြောင်ရော့
ဟိုရှောင် သည်ရှောင်ပုန်းယင်း
အရွယ်နု ဆယ်စုနှစ်တွေပြုန်းယင်း
အမေရယ် အဖေဆုံးတော့
ပခုံးပေါ် ဝန်ကိုယ်စီနဲ့
ကသီကရီ မနိုင့်တနိုင်ထမ်းပါလို့
ဘဝတခွင် အလှအယဉ်မလွမ်းနိုင်ဘု
လခြမ်းလှေကမှောက် မြစမ်းရေကနောက်
အကောက်တွေ အကွေ့တွေ ရာထောင်နဲ့
အမှောင်သန်းခေါင်ညတွေကြောင့်
သည်မောင် သည်နှမငယ်တို့
ဘဝမညီဘဲဟာမို့ တစစီကွဲ။ (တင်မိုး)
(ပုဂံကျောင်းကခေါင်းလောင်းသံကဗျာများမှ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment