သူတို့ဟာ အလွန်ကြီးမားတဲ့ ထင်းရှူးပင်ကြီးတပင်ရဲ့ အောက်ခြေ၊ သဲကုန်းလေးထဲမှာ သူတို့ရဲ့ မိခင်နဲ့အတူ နေထိုင်ကြပါတယ်။
"ကဲ... သားတို့သမီးတို့" လို့ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ ယုန်မကြီးက တမနက်မှာ ပြောလိုက်ပါတယ်။ "မင်းတို့ လယ်ကွင်းတွေထဲ ဒါမှမဟုတ် လမ်းကြားလေးအတိုင်း သွားချင်သွားနိုင်တယ်၊ ဒါပေမဲ့ မစ္စတာ မက်ဂရီဂေါ် (Mr. McGregor) ရဲ့ ဥယျာဉ်ထဲကိုတော့ မသွားကြနဲ့ဦး။ အဲဒီမှာ မင်းတို့အဖေ မတော်တဆမှု ဖြစ်ခဲ့ဖူးတယ်၊ မစ္စတာ မက်ဂရီဂေါ်ရဲ့ ဇနီးက မင်းတို့အဖေကို အသားမုန့် (Pie) ထဲ ထည့်ချက်ပစ်လိုက်တာလေ။"
"ကဲ... သွားကြတော့၊ ဆိုးဆိုးသွမ်းသွမ်းတွေ မလုပ်ကြနဲ့ဦး။ အမေလည်း အပြင်သွားလိုက်ဦးမယ်။"
အဲဒီနောက် ယုန်မကြီးဟာ ခြင်းတောင်းတလုံးနဲ့ ထီးကိုယူပြီး မုန့်တိုက်ကို သွားပါတယ်။ သူမဟာ ဂျုံညိုပေါင်မုန့်တလုံးနဲ့ စပျစ်သီးခြောက်ပါတဲ့ မုန့်လုံးငါးလုံးကို ဝယ်ခဲ့ပါတယ်။
လိမ္မာတဲ့ ယုန်ကလေးတွေဖြစ်တဲ့ ဖလော့ပ်စီ၊ မော့ပ်စီနဲ့ ကော်တွန်တေးလ်တို့ကတော့ ဘလက်ဘယ်ရီသီး (Blackberries) သွားခူးဖို့ လမ်းကြားလေးအတိုင်း ထွက်သွားကြပါတယ်။
ဒါပေမဲ့ အလွန်ဆိုးတဲ့ ပီတာကတော့ မစ္စတာ မက်ဂရီဂေါ်ရဲ့ ဥယျာဉ်ဆီကို တန်းတန်းမတ်မတ် ပြေးသွားပြီး ခြံတံခါးအောက်ကနေ အတင်းတိုးဝင်သွားပါတော့တယ်။
ပထမဦးဆုံး သူဟာ ဆလတ်ရွက်တွေနဲ့ ပဲသီးအချို့ကို စားတယ်၊ ပြီးတော့ မုန်လာဥနီတွေကို စားလိုက်ပြန်ပါတယ်။
အဲဒီနောက် အနည်းငယ် အော့အန်ချင်သလို ဖြစ်လာတာနဲ့ နံနံပင်ကို သွားရှာပါတယ်။ ဒါပေမဲ့ သခွားသီးစင်ရဲ့ အဆုံးကို ကွေ့လိုက်တဲ့အခါမှာတော့ ဘယ်သူနဲ့ သွားတိုးသလဲဆိုရင်... မစ္စတာ မက်ဂရီဂေါ်နဲ့ပါပဲ။
မစ္စတာ မက်ဂရီဂေါ်ဟာ လက်နှစ်ဖက်၊ ဒူးနှစ်ဖက် ထောက်ပြီး ဂေါ်ဖီထုပ်ပျိုးပင်လေးတွေကို စိုက်နေတာပါ။ ဒါပေမဲ့ ပီတာကို မြင်တာနဲ့ ဝုန်းကနဲ ထရပ်ပြီး လက်ထဲက ပေါက်ပြားကို ဝှေ့ယမ်းကာ "ရပ်စမ်း... သူခိုးရဲ့" လို့ အော်ဟစ်ပြီး ပီတာ့နောက်ကို လိုက်ပါတော့တယ်။
ပီတာဟာ အလွန်အမင်း ထိတ်လန့်သွားပြီး ဥယျာဉ်တခုလုံးကို လျှောက်ပြေးပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ခြံတံခါးဆီကို ပြန်သွားရမယ့် လမ်းကို မေ့သွားလို့ပါ။
သူ့ရဲ့ ဖိနပ်တဖက်က ဂေါ်ဖီထုပ်တွေကြားမှာ ကျန်ရစ်ခဲ့ပြီး၊ နောက်ထပ် ဖိနပ်တဖက်က အာလူးခင်းတွေကြားထဲမှာ ပျောက်သွားပါတယ်။
ဖိနပ်တွေ ပျောက်သွားပြီးတဲ့နောက်မှာတော့ သူဟာ ခြေလေးဖက်လုံးနဲ့ ပိုပြီး မြန်မြန်ပြေးနိုင်သွားပါတယ်။ အကယ်၍ ကံဆိုးမိုးမှောင်ကျပြီး ဆူးပင်ကာထားတဲ့ ပိုက်ကွန် (Gooseberry net) ထဲကို မတိုးမိခဲ့ဘူးဆိုရင် သူဟာ လွတ်မြောက်သွားနိုင်ပါတယ်။ သူ့ရဲ့ အင်္ကျီပေါ်က ကြေးဝါရောင် ကြယ်သီးကြီးတွေက ပိုက်ကွန်နဲ့ ငြိနေခဲ့တာပါ။ အဲဒီအင်္ကျီဟာ ကြေးဝါကြယ်သီးတွေ တပ်ထားတဲ့ အပြာရောင် အင်္ကျီအသစ်လေး ဖြစ်ပါတယ်။
ပီတာဟာ လွတ်လမ်းမရှိတော့ဘူးလို့ တွေးပြီး မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ ငိုသံကို ကြားသွားတဲ့ စာကလေးတွေက အနားကို ပျံသန်းလာပြီး အတင်းအားထုတ်ပြီး ရုန်းထွက်ဖို့ တိုက်တွန်းကြပါတယ်။
မစ္စတာ မက်ဂရီဂေါ်က ပီတာ့ကို အုပ်ဖို့ ဆကာတခုနဲ့ ရောက်လာချိန်မှာတော့ ပီတာဟာ သူ့ရဲ့ အင်္ကျီကို ချန်ထားခဲ့ပြီး အချိန်မီ ရုန်းထွက်နိုင်ခဲ့ပါတယ်။
သူဟာ ကိရိယာတွေထားတဲ့ ဂိုဒေါင်ထဲကို ပြေးဝင်သွားပြီး ရေပုံးတခုထဲကို ခုန်ချလိုက်ပါတယ်။ အဲဒီရေပုံးဟာ ပုန်းခိုဖို့ ကောင်းပေမယ့် သူ့ထဲမှာ ရေတွေ အများကြီး ရှိနေပါတယ်။
မစ္စတာ မက်ဂရီဂေါ်ကတော့ ပီတာဟာ ဒီဂိုဒေါင်ထဲမှာပဲ ရှိနေမှာ သေချာတယ်၊ ပန်းအိုးအောက်မှာများ ပုန်းနေသလားလို့ တွေးပြီး ပန်းအိုးတွေကိုတလုံးချင်း သေသေချာချာ လှန်ကြည့်နေပါတယ်။
အဲဒီအချိန်မှာ ပီတာက "ချေ... ချေ" လို့ နှာချေလိုက်ပါတော့တယ်။ မစ္စတာ မက်ဂရီဂေါ်လည်း ချက်ချင်းပဲ ပီတာ့နောက်ကို လိုက်ပါတော့တယ်။
မစ္စတာ မက်ဂရီဂေါ်က ပီတာ့ကို ခြေထောက်နဲ့ နင်းဖို့ ကြိုးစားပေမယ့် ပီတာက ပြတင်းပေါက်ကနေ ခုန်ထွက်သွားပါတယ်။ ပြတင်းပေါက်က မစ္စတာ မက်ဂရီဂေါ်အတွက် သေးလွန်းနေသလို၊ ပီတာ့နောက်ကို ပြေးလိုက်ရတာလည်း သူ မောလှပြီဖြစ်တဲ့အတွက် အလုပ်ပြန်လုပ်ဖို့ ပြန်လှည့်သွားပါတော့တယ်။
ပီတာဟာ အမောဖြေဖို့ ထိုင်ချလိုက်ပါတယ်။ သူဟာ အလွန်အမင်း မောဟိုက်နေပြီး ကြောက်လန့်လို့လည်း တုန်ယင်နေပါတယ်။ ဘယ်ဘက်ကို သွားရမလဲဆိုတာလည်း မသိတော့ပါဘူး။ ရေပုံးထဲမှာ ထိုင်ခဲ့ရတာမို့ သူဟာ စိုရွှဲနေပါတယ်။ ခဏကြာတော့ သူဟာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုပါတယ်။
နံရံမှာ တံခါးတခုကို တွေ့ပေမယ့် အဲဒီတံခါးက ပိတ်နေပါတယ်။ ဝတုတ်တုတ် ယုန်ကလေးတကောင် တိုးဝင်ဖို့ နေရာလည်း မရှိပါဘူး။
ကြွက်မကြီးတကောင်ဟာ ကျောက်သား တံခါးခုံပေါ်မှာ ပဲစေ့တွေကို သယ်ပြီး တောအုပ်ထဲက သူမရဲ့ မိသားစုဆီကို သွားနေတာ တွေ့ရပါတယ်။ ပီတာက ခြံတံခါးကို သွားရမယ့်လမ်းကို မေးပေမယ့် သူမရဲ့ ပါးစပ်ထဲမှာ ပဲစေ့ကြီးတစေ့ ပါနေတာမို့ ပြန်မဖြေနိုင်ပါဘူး။ ခေါင်းပဲ ခါပြလိုက်ပါတယ်။ ပီတာလည်း ငိုပါတော့တယ်။
အဲဒီနောက် ဥယျာဉ်ကို ဖြတ်ပြီး လမ်းရှာပေမယ့် ပိုပြီး မျက်စိလည်လာပါတယ်။ ခဏကြာတော့ မစ္စတာ မက်ဂရီဂေါ် ရေပုံးတွေ ဖြည့်လေ့ရှိတဲ့ ရေကန်နားကို ရောက်သွားပါတယ်။ ကြောင်ဖြူမတကောင်က ရွှေငါးတွေကို စိုက်ကြည့်နေတာ တွေ့ရပါတယ်။ သူမဟာ အလွန် ငြိမ်သက်နေပေမယ့် သူမရဲ့ အမြီးဖျားကတော့ အသက်ရှိသလိုမျိုး လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေပါတယ်။ ပီတာကတော့ သူမကို စကားမပြောဘဲ ထွက်သွားတာက အကောင်းဆုံးဖြစ်မယ်လို့ တွေးလိုက်ပါတယ်။ သူ့ရဲ့ ဝမ်းကွဲညီအစ်ကိုဖြစ်တဲ့ ဘင်ဂျမင် (Benjamin Bunny) ဆီက ကြောင်တွေအကြောင်း သူ ကြားဖူးလို့ပါ။
သူဟာ ဂိုဒေါင်ဆီကို ပြန်လှည့်လာစဉ်မှာပဲ ရုတ်တရက် ပေါက်ပြားနဲ့ မြေဆွသံ "ခြစ်... ခြစ်" ဆိုတာကို အနားမှာပဲ ကြားလိုက်ရပါတယ်။ ပီတာဟာ ချုံပုတ်တွေအောက်မှာ ပုန်းလိုက်ပါတယ်။ ဒါပေမဲ့ ဘာမှဖြစ်မလာတာနဲ့ သူဟာ အပြင်ထွက်လာပြီး လက်တွန်းလှည်းတခုပေါ် တက်ကြည့်လိုက်ပါတယ်။ သူ ပထမဆုံး မြင်လိုက်ရတာကတော့ ကြက်သွန်ခင်းတွေကို မြေဆွနေတဲ့ မစ္စတာ မက်ဂရီဂေါ်ပါပဲ။ မစ္စတာ မက်ဂရီဂေါ်က ပီတာ့ကို ကျောပေးထားပြီး၊ သူ့ရဲ့ အကျော်မှာတော့ ခြံတံခါးကြီး ရှိနေပါတော့တယ်။
ပီတာဟာ လက်တွန်းလှည်းပေါ်ကနေ တိတ်တဆိတ် ဆင်းလိုက်ပြီး အမြန်ဆုံး ပြေးပါတော့တယ်။ မစ္စတာ မက်ဂရီဂေါ်က ချိုးကွေ့တခုမှာ သူ့ကို မြင်သွားပေမယ့် ပီတာကတော့ ဂရုမစိုက်နိုင်တော့ပါဘူး။ သူဟာ ခြံတံခါးအောက်ကနေ လျှိုဝင်သွားပြီး ဥယျာဉ်အပြင်ဘက်က တောအုပ်ထဲမှာ နောက်ဆုံးတော့ ဘေးကင်းသွားပါတော့တယ်။
မစ္စတာ မက်ဂရီဂေါ်ကတော့ ပီတာ့ရဲ့ အင်္ကျီလေးနဲ့ ဖိနပ်လေးတွေကို စာကလေးတွေ ကြောက်အောင် စာခြောက်ရုပ်အဖြစ် ချိတ်ဆွဲထားလိုက်ပါတယ်။
ပီတာကတော့ ထင်းရှူးပင်ကြီးဆီက အိမ်ကို ရောက်တဲ့အထိ နောက်ကို လှည့်မကြည့်ဘဲ အပြတ်ပြေးပါတော့တယ်။
သူဟာ အလွန် မောပန်းနေတဲ့အတွက် ယုန်တွင်းထဲက သဲနုနုလေးတွေပေါ်မှာ ပုံလျက်သား လဲကျသွားပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါတယ်။ သူ့အမေကတော့ ဟင်းချက်ဖို့ အလုပ်ရှုပ်နေရင်း သူ့ရဲ့ အင်္ကျီတွေ ဘယ်ရောက်ကုန်သလဲလို့ တွေးနေပါတယ်။ နှစ်ပတ်အတွင်းမှာ ပီတာ ဖိနပ်နဲ့ အင်္ကျီ ပျောက်တာ ဒါဟာ ဒုတိယအကြိမ် ရှိပါပြီ။
စိတ်မကောင်းစရာကတော့ ပီတာဟာ အဲဒီညနေမှာ နေလို့ သိပ်မကောင်းပါဘူး။
သူ့အမေက သူ့ကို အိပ်ရာထဲ ထည့်ပြီး ကမိုမိုင်း (Camomile) လက်ဖက်ရည်ကို ဆေးအဖြစ် တိုက်ပါတယ်။
"အိပ်ခါနီးမှာ ဆေးတဇွန်း သောက်ရမယ်" လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ လိမ္မာတဲ့ ဖလော့ပ်စီ၊ မော့ပ်စီနဲ့ ကော်တွန်တေးလ်တို့ကတော့ ညစာအဖြစ် ပေါင်မုန့်၊ နွားနို့နဲ့ ဘလက်ဘယ်ရီသီးတွေကို မြိန်ရှက်စွာ စားသောက်ခဲ့ကြပါတော့တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment