နံနက်စောစောအချိန်တွင် ဗိုက်ဆာနေသော ဝံပုလွေတကောင်သည် ရွာနားရှိ အိမ်ကလေးတလုံးအနားတွင် လှည့်လည်သွားလာနေစဉ် အိမ်ထဲမှ ကလေးငိုသံကို ကြားလိုက်ရလေသည်။ ထို့နောက် မိခင်ဖြစ်သူ၏ စကားသံကိုလည်း ယခုကဲ့သို့ ကြားလိုက်ရ၏။
"တိတ်စမ်း ကလေး၊ တိတ်တိတ်နေ။ မတိတ်ရင် နင့်ကို ဝံပုလွေစာ ကျွေးပစ်မှာနော်"
ထိုစကားကို ကြားသောအခါ ဝံပုလွေသည် အံ့သြသွားသော်လည်း အရသာရှိသော အစာကို ရတော့မည်ဟု တွေးကာ ဝမ်းသာအားရ ဖြစ်သွားလေသည်။ ထို့ကြောင့် ကလေးကို မိမိလက်ထဲသို့ ထည့်ပေးမည့်အချိန်ကို စောင့်မျှော်ရင်း ပြတင်းပေါက်အောက်တွင် အခြေချနေထိုင်လိုက်၏။ သို့သော် ကလေးငယ်မှာ ဆက်လက်၍ ဂျီကျငိုယိုနေသော်လည်း ဝံပုလွေမှာမူ တနေကုန် အချည်းနှီးသာ စောင့်ဆိုင်းခဲ့ရလေသည်။
နေဝင်ရိုးရီအချိန်သို့ ရောက်သောအခါ မိခင်ဖြစ်သူသည် ပြတင်းပေါက်နားတွင် ထိုင်၍ ကလေးကို ချော့သိပ်ရင်း သီချင်းဆိုနေသည့် အသံကို ဝံပုလွေ ပြန်ကြားရပြန်သည်။
"ကဲ... သားလေး တိတ်တိတ်အိပ်တော့။ ဝံပုလွေက သားကို မစားနိုင်ပါဘူးကွယ်။ မဟုတ်ဘူး... မဟုတ်ဘူး... ဖေဖေက စောင့်ကြည့်နေတာ။ ဝံပုလွေသာ အနားလာရင် ဖေဖေက သတ်ပစ်မှာ"
ထိုအချိန်တွင် ဖခင်ဖြစ်သူမှာ အိမ်အနီးသို့ ရောက်ရှိလာပြီး ဝံပုလွေမှာလည်း အိမ်စောင့်ခွေးများရန်မှ လွတ်မြောက်ရန် အစွမ်းကုန် အပြေးမြန်မှသာ သီသီလေး လွတ်မြောက်သွားလေတော့သည်။
သင်ခန်းစာ။ ကြားသမျှ စကားတိုင်းကို အဟုတ်အမှန်ဟု မယုံကြည်ပါနှင့်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment