တက္ကသိုလ်မောင်မောင်ကြီး
အမျိုးသားမြန်မာစာ စာပေဆောင်းပါးများ
စာမျက်နှာ (၁)
“ဆရာ ကျမ ခြင်းခတ်သင်နေတယ်” ဟူသော အသံကို ကြား၍ ကြည့်လိုက်ရာ ဘောင်းဘီတို အဖြူနှင့် အမျိုးသမီး တဦး ခြင်းလုံးနှင့် ဆော့နေသည်ကို ကျွန်တော် မြင်ပါသည်။ သူ့ကိုယ်လုံး ကိုယ်ထည်မှာ ဝဝတုတ်တုတ် ဖြစ်သောကြောင့် ဘောင်းဘီတိုနှင့် အဆင်မပြေပါ။ ထို့ထက် ထူး၍ ခြင်းလုံးနှင့် ဆော့နေသောကြောင့် ဝဝတုတ်တုတ် ကလေးဆိုးကြီးတဦး သမ္ဘရာသီးတလုံး ဆော့နေသကဲ့သို့ ထင်မိပါသည်။ သို့သော် ကျွန်တော့်အထင်ကို ထုတ်မပြောပါ။ “အေးကွယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့” ဟု လူကြီးစကား သုံးလိုက်ပါသည်။
“ကျန်းမာရေး လိုက်စားတာ မဟုတ်ဘူး ဆရာရေ။ မြန်မာ့ခြင်းခတ်ပညာအကြောင်း တပည့်တွေကို သင်ပေးမလို့ လက်တွေ့ ခြင်းခတ်နေတာ ဆရာ” ဟု ပြောပါသည်။
ထိုအခါကျမှ သူသည် အထက်တန်းပြ ဆရာမတဦး ဖြစ်ကြောင်းကို သိပါတော့သည်။
စာမျက်နှာ (၂)
“နင့်နှယ်ဟယ် ပင်ပန်းလိုက်တာ။ တပည့်တွေတော့ ခြင်းခတ်ပညာ တတ်မတတ် မပြောတတ်ဘူး။ ခြင်းလူပြက် သရုပ်တော့ ကောင်းကောင်းပေးတတ်မှာပဲ” ဟု ချီးကျူးလိုက်ပါသည်။ သူလည်း ကျွန်တော့်စကားကို သဘောကျကာ ဟက်ဟက်ပက်ပက် ရယ်ပါသည်။
“စာသင် ပေးရုံလောက်နဲ့တော့ ခြင်းခတ်နည်းတွေကို သင်ပေးဖို့ မလိုပါဘူးဟယ်။ မြန်မာ့ခြင်းခတ်ပညာ ဆောင်းပါးက ဘယ်လို ဗဟုသုတ ရတယ် ဆိုတာကို မကျဉ်းမကျယ် သင်ပေးလိုက်ရင် တော်ရောပေါ့။ လာ အိမ်ထဲသွားပြီး စကားပြောရအောင်” ဟု သူ့အိမ်တွင်းသို့ ဝင်ကြပါသည်။ ဧည့်ခန်းတွင် ထိုင်မိကြသောအခါ “ကဲ ငါမေးတာတွေ ဖြေဟေ့” ဟု သူ့ကို ပြောပါသည်။ သူလည်း ခေါင်းညိတ်ပါသည်။
“မြန်မာ့ခြင်းဝိုင်းမှာ လူဘယ်နှစ်ယောက် ခတ်သလဲ။”
“ခြောက်ယောက်ပါ။”
“ဘယ်လို ခတ်သလဲ။”
“ခြောက်ပေကွာလောက် ခြေောက်ထောင့်ကျအောင် ခတ်ကြပါတယ်။”
“သူတို့ခတ်ပုံတွေ ပြောစမ်းပါ။”
“ခြေဖျား၊ ဖနောင့်၊ ဖဝါး၊ ဒူးတွေနဲ့ ခတ်ပါတယ်။။”
“ခတ်ပုံခတ်နည်း ဝေါဟာရတွေ မှတ်မိသလောက် ပြောစမ်းပါဦး။”
“မဟာ၊ မဟာဒူး၊ မဟာညွန့်၊ စလွယ်လောက်ဘဲ မှတ်မိပါတယ်။”
စာမျက်နှာ (၃)
အမျိုးသားမြန်မာစာ စာပေဆောင်းပါးများ
“ကိစ္စမရှိပါဘူး၊ မှတ်မိသလောက်ပေါ့။ ကဲ ခြင်းဝိုင်းက အခြေခတ်တွေကို ခတ်တာလား။”
“ဘယ်ဟုတ်မလဲဆရာ။ ဆိုင်းနဲ့ ဝိုင်းနဲ့ ခတ်ပါတယ်။ ခုနက ဆရာပြောသလို ခြင်းလူပြက်လဲ ပါပါတယ်။”
“ဘာဆိုင်းတွေ တီးပေးသတုန်း။”
“ချိတ်သံတီးတယ်၊ ငိုချင်းတီးတယ်။ လက်တွေ့ ဆိုင်းတီးတယ်။ ရှမ်းဆိုင်းတီးပါတယ်။”
“ဘယ်လိုအခါမှာ ဘာဆိုင်းတီးသလဲ။”
“ခြင်း စခတ်မယ်လုပ်တော့ ချိတ်သံတီးပါတယ်။ ခြင်းလူပြက်က ခြင်းလုံးလွတ်သွားတဲ့ အခါမှာ ငိုချင်းတီးပါတယ်။ အကျိတ်အနယ် ခတ်တဲ့အခါမှာ လက်တွေ့ ဆိုင်း တီးပါတယ်။ ဆိုင်းကွက်ကျန်ပြီး ခတ်တဲ့အခါမှာ ရှမ်းဆိုင်းတီးပါတယ်။”
“အော် ဟုတ်ပြီ၊ ခြင်းသမားတွေက ဘယ်လို ခြင်းမျိုးမှ ကြိုက်တတ်သလဲ။”
“ခြင်းဗလာ ကြိုက်ပါတယ်။ လေးမှု ကြိုက်ပါတယ်။”
“ဆရာမမျိုးလွင်တို့ ခေတ်က နိုင်ငံကျော် ခြင်းသမားဟာ ဘယ်သူတုန်း။”
သူသည် စဉ်းစားနေပါသည်။ နောက်မှ “ဆရာကိုဖုန်းပါ” ဟု ဖြေပါသည်။
“အေး ဟုတ်ပါတယ်တဲ့။ ကိုဖုန်း ပါ။”
“ခြင်းဝိုင်းအကြောင်း ဖတ်ပြီးတော့ နင့်စိတ်ထဲမှာ ဘာတွေ ကျန်ခဲ့သလဲ။”
“ခြင်းခတ်သမားတွေဟာ ပညာသားပါပါ ခတ်တာ သိရတယ်။ တယောက်နဲ့ တယောက် ဖမ်းမမိအောင် ခက်ခက်ခဲခဲ ခတ်တာ သိရတယ်။ ဖမ်းတဲ့လူကလဲ ခဲရာခဲဆစ်ခြင်းကို မမိမိအောင် ဖမ်းတာ သိရတယ်။ ဒီလို အခက်အခဲမျိုးကို ခြင်းလူပြက်က ဝင်နှောင့်ပြီး ပရိသတ်ပွဲကျအောင် လုပ်တာ သိရတယ်။ ခြင်းခတ်ပုံတွေဟာ စိတ်ဝင်စားစရာ၊ လေ့ကျင့် ထားပုံတွေဟာ အံ့သြစရာ၊ တယောက်တလှည့် ဇွဲနဲ့ သတ္တိနဲ့ ခြင်းမကျအောင် တက်ညီလက်ညီခတ်ပုံတွေဟာ မြန်မာ့အားကစား တခုအတွက် ဂုဏ်ယူသင့်တဲ့အချက်တွေလို့ ထင်တာပဲ။ ခြင်းခတ်တဲ့ လူတွေတင် မကပါဘူး။ ပွဲကြည့်ပရိသတ်ဟာလဲ ပျော်ပျော်ရွှင်ရွှင် ရင်တဖိုဖိုနဲ့ အချိန်ကုန်မှန်းမသိ ကုန်သွားတယ်လို့ ထင်တာပဲ။”
“ခြင်းခတ်သူတွေဟာ ခြင်းလုံး မကျအောင်ကိုသာ ဂရုစိုက်သလား။”
စာမျက်နှာ (၄)
“မဟုတ်ပါဘူး။ မင်းသားဟန်နဲ့ လှမ်းထောက်တယ်။ ပြုံးပြုံးကလေး ကြည့်တယ်။ သမင်လည်ပြန် ဟန်မျိုးနဲ့ ကြည့်တယ်။ ခေါင်းနဲ့ ဆီတိုက်တန်တာတိုက်တယ်။ လူပြက်က လက်တွေ့ ရေးပြပြီး ရယ်ရအောင်ခတ်တယ်။ ကဗျာမျိုးနဲ့ ခတ်တယ်။ စောင်းသီချင်း ကသလို၊ ရှမ်းအိုးစည်တီးသလို ဟန်မျိုးတွေနဲ့ ဖမ်းပါတယ်။”
“အေး အဲဒါတွေဟာ ခြင်းခတ်တဲ့ ဟန်တွေပေါ့ကွာ။ အနုပညာ သဘောပါတယ်လို့ ဆိုနိုင်တာပေါ့။”
“ဟုတ်ကဲ့ဆရာ။”
“ဆရာတို့နှစ်ယောက် အမေးအဖြေလုပ်ခဲ့ကြတာ မြန်မာ့ ခြင်းခတ်ပညာကရတဲ့ ဗဟုသုတတွေပေါ့။ ကိုယ်မမြင်ဘူးတာ၊ မကြားဘူးတာ၊ မသိဘူးတာတွေကို မြင်ရ၊ ကြားရ၊ သိရတာတွေဟာ ဗဟုသုတတွေပေါ့။ နင့်တို့ဧည့်ခန်း ပံစံထဲမှာလဲ ဆောင်းပါးတခုကို ဖတ်လို့ ဘယ်လိုဗဟုသုတ ရတယ်ဆိုတာ မကျဉ်းမကျယ် ရေးတတ်ရမယ်လို့ ဆိုတယ်မဟုတ်လား။ ဆောင်းပါးတခုကို ခုလို စစ်လိုက်ရင် ဘယ်လိုဗဟုသုတရတယ်ဆိုတာ ထွက်လာမှာပဲပေါ့။ နင့်ကိုယ်တိုင် ခြင်းခတ်ဖို့ လိုသေးသလားဟု ကျွန်တော်ကမေးပါသည်။”
စာမျက်နှာ (၅)
သူလည်း ခွက်ထိုးခွက်လန် ရယ်ပါသည်။
“မှားတဲ့အခါလဲ မှားပေမပေါ့ဆရာဟု ရွတ်ပါသည်။”
“ဟဲ့ နင့်မမှားပါဘူး။ လိုတာထက်ပိုတာကိုသာ ဆရာပြောတာပါ။ ဆောင်းပါးထဲကရတဲ့ ဗဟုသုတက ဆရာတို့အမေးအဖြေ လုပ်ခဲ့တာတွေပေါ့။ ဒါပေမဲ့ သိချင်တဲ့စိတ်က တိုက်တွန်းလို့ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ဆည်းပူးချင်ရင်တော့ နင့်လုပ်တာ မှန်ပါတယ်။ နင့်ကိုယ်တိုင် ခြင်းခတ်သင်မနေပါနဲ့။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၂ ကို ဖတ်လိုက်ပါ။ ခြင်းအကြောင်းအစုံပါပါတယ်။” ဟု အားပေးပြီးနောက် သူ့ကိုနှုတ်ဆက်၍ သူ့အိမ်မှ ထွက်ခွာခဲ့ပါသည်။
၆။ ၁၁။ ၁၉၆၉။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment