Skip to main content

အဘိဓာန် ရှာပုံတော် (မင်းသုဝဏ်)






အဘိဓာန်လုပ်ငန်းကို ကူညီလိုသူတို့သည် “ဘယ်စကားမျိုးကို စုပေးရမလဲ” ဟု ကျွန်တော့်အား မေးကြပါသည်။ ဗမာတို့ ပြောဆိုနေသော ဗမာစကားလုံးဟူသမျှကို အယဉ်အရိုင်း၊ အဆိုးအကောင်း မရွေး စုဆောင်းပေးကြပါဟု ကျွန်တော် ဖြေပါသည်။ စကားလုံးဟူ၍၎င်း၊ စကားခွန်းဟူ၍၎င်း၊ ဝေါဟာရဟူ၍၎င်း၊ ပုဒ်ဟူ၍၎င်း အမျိုးမျိုး ခေါ်ထားသော စကားလုံးများကို ဖွင့်အပ်သောနား၊ မလစ်သောသတိဖြင့် တနေ့တာအတွင်းတွင် ကျွန်တော်စုရာ အောက်ပါတို့ကို ရပါသည်။ ဤနည်းအတိုင်းသော်၎င်း၊ ဤထက်ကောင်းသောနည်းဖြင့်သော်၎င်း ပုဒ်တို့ကို ရှာမည်ဆိုပါက ကျွန်တော်တို့ အဘိဓာန်အတွက် ဝေါဟာရစုံသလောက်ကို ရနိုင်ဘွယ်အကြောင်း ရှိသည်ဟု ထင်မိပါသည်။

တခုသောနံနက်တွင် ကျွန်တော် လက်ဖက်ရည်သောက်နေခိုက် ကျွန်တော့်တူငယ်သည် သနပ်ခါးဖွေးဖွေးနှင့်

စိန်ပန်းမြိုင်စာပေတိုက်

ရောက်လာသည်ကို ကျွန်တော့်အမေကမြင်၍ “ပဲနဝါမျက်နှာကြီးနဲ့ ပါလား” ဟု ပြောလိုက်သည်။ ထိုစကားကို ကျွန်တော် မှတ်လိုက်သည်။ ထိုခဏ၌ ကျွန်တော့်အကိုတဦး ရောက်လာသည်။ “နွားကလေး ဈေးတည့်သွားပလား” ဟု ကျွန်တော့်အမေ မေးသည်။ “ရင်မှာ ပျားစွဲနေတယ်ဆိုပြီး ကာရန်မသင့် ဖြစ်သွားတယ်” ဟုဖြေသည်။ “ဗွေတရာ ကြာတလုံးပဲကွယ်။ မင်းနွားကလေးမှာ ကြာကလေးနဲ့ မဟုတ်လား” ဟု အမေက အားပေးစကားပြောပြန်သည်။ ဤစကားတို့ကို ကျွန်တော်မှတ်လိုက်ပြန်သည်။

ထိုနောက် ကမ်းနားသို့ ကျွန်တော်ရေချိုးဆင်းသည်။ ရေဆိပ်၌လူများစုကာ ထိုးဝါးနှင့် ထိုးကလော်နေသည်ကိုမြင်၍ “ဘာများလဲဗျ” ဟု ကျွန်တော်ကလှမ်းမေးသောအခါ “ကမ္ဗုဋ္ဌာန်းကောင်ကြီးတင်နေလို့ဟေ့” ဟုဦးလေးတော်တဦးက ဖြေသည်။ သူတို့အနီးတွင် အဒေါ်ကြီး တဦးသည် ပါးစပ်က တတွတ်တွတ်ဆိုမြည်၍ ဟိုသည်ကြည့်ကာ ပစ္စည်းပျောက်ရှာနေသည်ကို တွေ့ရသည်။ သူ့ဘက်သို့ ကျွန်တော်နားစိုက်ထောင်၏။ “ကသားငါးရာ ဆင်းတဲ့ ရေဆိပ်မှာ ချွတ်ထားတော့ ပျောက်တာပဲနဲ့တေးတယ်” ဟု ကျိန်ဆဲသံကိုကြားလိုက်ရသည်။

ရေချိုးပြီး၍ တက်လာသောအခါ ခြံတခုတွင် အုန်းသီးတက်နေသော သူငယ်ချင်းတဦးကို မြင်သည်။ “မင်းအုန်းတွေက ငယ်လှပါကလား” ဟု ကျွန်တော်က မေးသည်။ “ငယ်ဆိုမတန်သီးတွေလားကွ။ သည်နှစ်မှ ငှက်စာဆော်တယ်”

စိန်ပန်းမြိုင်စာပေတိုက်

ဟု ပြန်ဖြေသည်။ ထိုခဏတွင် သူတို့၏သမ္ဗာန်ကြီး ရေအပြည့်နှင့်နစ်နေသည်ကို သတိရ၍ “မင်းတို့သမ္ဗာန်ကြီးဘာဖြစ်လို့ ရေနစ်နေရသလဲ” ဟုမေးမိသည်။

“အေး သမ္ဗာန်ကိုစွကြောင်းပေါ့ကွ သူတို့ညီအကို မနေ့က ကတောက်ကဆတ်ဖြစ်ကြတာ။ သမ္ဗာန်ကိုနေရာချလိုက်ပါခိုင်းတော့ ခါတိုင်းနေရာမှာ မထားဘူး။ တံတားပျက်တော်တွေ့ရှိတဲ့နေရာမှာ သွားထားတော့ ငုတ်တင်ပြီး ဝမ်းပေါက်သွားတာပေါ့။ မောင်ငယ်ကတကယ်ပီးနှံဝေသက်ကူ။ လောက်မမြင်ဘူး” ဟု ညည်းရှာသည်။ ထိုစကားတို့ကို ကျွန်တော်မှတ်လိုက်သည်။

ထိုနောက်ကျွန်တော် လမ်းလျှောက်ထွက်သည်။ တာလမ်းမကြီးအနီး ကုက္ကိုပင်အောက်သို့ ရောက်သောအခါ အမောဖြေထိုင်နေခိုက် ခေါင်းရွက်သည် နှစ်ဦး ဈေးတောင်းချ ဆေးလိပ်ဖွါလျက် စကားပြောနေကြသည်ကို ကြားရသည်။ “ဒါနဲ့ မယ်စောတို့အိမ်မှာ ယောကျ်ား တွေ ဟာ ဝင်လာ မစဲ တသဲသဲပါလား။ ပိုးထိပြီးလင်သေတာမကြာသေးဘူး။ ကြားရပါလိမ့်မယ်တယောက်ယောက်ကံနဲ့” ဟု တယောက်က ပြောသည်ကို “အေးအေး၊ ကောင်မကလဲ ကလက်တက်တက် ပျံတံတံ။ လာတဲ့လူတွေကလဲ ပျောက်သောက်။ မကြာပါဘူး ထင်ပါရဲ့” ဟု တယောက်ကထောက်ခံလေသည်။

ထိုခဏ နွားကျောင်းသားကလေး နှစ်ယောက် ပေါက်လာသည်။ တယောက်က “မနေ့က ငါကျလစ်ကောင်

စိန်ပန်းမြိုင်စာပေတိုက်

ဖမ်းတာ ၂ ကောင်ရတယ်ကွ။ ရိုးပြတ်ထဲမှာ ငါကပ်ပြီးကြည့်နေတော့ ငှက်ကလေး မိုးပေါ်ကထိုးဆင်းလာပြီး ညာတာပါတာ၊ သူအသိုက်ဆီကို သွားတယ်။ ငါက မျက်ခြေမပြတ် စောင့်ကြည့်တာပေါ့။ အဲဒီလိုနဲ့ အသိုက်ကိုတွေ့တော့မှ ညွတ်ကွင်းနဲ့ ဖမ်းတယ်” ဟု ပထမသူငယ်က ပြောသည်။ “ငါတော့ ကမ်းနားက ချုံတွေထဲမှာ စာဝတီးကလေးတွေ လိုက်ပတ်တယ်။ တကောင်မှမရပါဘူး” ဟု ဒုတိယသူငယ်က ပြောသည်။

ထိုခဏ၌ ယောကျ်ား ကြီး သုံး လေး ယောက် အရိပ်အောက်သို့ ဝင်လာကြပြန်သည်။ “ဟိုဘက် ရွာမှာ လဲ ကာလနာတိုက်လို့တဲ့။ သေလိုက်ကြတာ တနေ့ နှစ်လောင်းသုံးလောင်း” ဟု တဦးကစကားစလိုက်သည်။ “တိုက်ဆို သူတို့ဌာသားတွေက အစားကို ဇန္နဘယယ စားတော့ ရောဂါလည်း ဇန္နဘယယ များတာပေါ့” ဟု နောက်တယောက်က ထင်ချက်ပေးသည်။ အခါ တယောက်လူကဆက်၍ “အခြားကြောင့်မဟုတ်ဘူး။ အကောင်တယောက်မူးပြီး နတ်စင်ရှေ့မှာ မထော်မနမ်းတွေ သွားလုပ်လို့ရွာတော်ရင်က အကြောင်းပြနေတာတဲ့” ဟုကန့်ကွက်ချေဖျက် ပြောပြန်သည်။ ထိုစကား တို့ ကိုလည်း မှတ်လိုက်ပါသည်။

ထိုနောက်ကျွန်တော် အိမ်ဘက်သို့ပြန်ခဲ့ရာ လမ်းတွင် လူနှစ်ယောက်စကားပြောသွားသည်ကို ကြားရပြန်သည်။ “ဟေ့ အဲဟိုညက ငါတော့အသေထားတာပဲ။ အထက်ကလဲမီးကျည်းတွေချ။ အောက်ကလဲ မီးမောင်းကြီးတွေထိုး။ ပစ်လိုက်ကံ -

အမြောက်တွေကလဲ နားကွဲမတတ်ပဲ။ ငါတော့ ကျင်းထဲမှာ ပုနေတာပေါ့။ မီးလောင်ဗုံးတွေအတော်ပဲကျသတဲ့။ ရန်သူတွေ ပြန်သွားတော့ တချို့နေရာ မီးလောင်ကျန်နေခဲ့တယ်။ မနက်ကျလို့ သတင်းနာကြည့်တော့ ရန်သူလေးစင်း ပျက်ကျခဲ့သတဲ့။ ဒါကြောင့်သူတို့လက်ခုပ်တပြောင်းပြောင်းတီးတာကိုးကွ” ဟုမြိုင်ကပြန်လာစနှင့်တူသော လူကြီးကပြောသွားသည်ကိုလည်း ကျွန်တော်မှတ်လိုက်မိသည်။

ဤသို့ဖြင့် တမနက်တာအတွင်းတွင် စကားခွန်း အဟောင်းအသစ်အကောင်းအဆိုးတို့ကို ကျွန်တော် စုဆောင်းရလိုက်ပါသည်။

အဘိဓာန် မည်သည်မှာ မဟာ သမုဒ္ဒရာကြီးနဲ့ တူပါတယ်။ မဟာသမုဒ္ဒရာကြီးဟာ မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာတို့က နေ့အေး ညအအေး တသွင်သွင် စီးဆင်း နေတဲ့ ရေလှိုင်းဂရက်တို့နှင့်တင်းတိမ်ရောင့်ရဲခြင်းမဖြစ်နိုင်သကဲ့သို့ အဘိဓာန်လုပ်ငန်းကြီးဟာလည်း အရပ်လေးမျက်နှာက ဝင်လာမစဲ တသဲသဲဖြစ်တဲ့ ဝေါဟာရများနှင့် မရောင့်ရဲမတင်းတိမ်နိုင်ပါဘူး။

အဘိဓာန်အတွက် ဝေါဟာရ စုဆောင်းရာမှာ သတိပြုဘို့ အချက်တခုကတော့ ဒီစကားဟာ စကားရိုင်းပဲ၊ ဒီစကားဟာ အရပ်သုံးပဲ၊ အဘိဓာန်နဲ့ မတော်ပါဘူးဆိုပြီး မပယ်ကြပါနဲ့။ အဘိဓာန်အတွက် ရိုင်းတဲ့စကား မတော်တဲ့ စကားရယ်လို့မရှိပါဘူး။ ရိုင်းတယ်ယဉ်တယ် ကြီးတယ်ငယ်တယ် မရွေးပဲ မြန်မာစကားဟူသမျှကို စုရမဲ့ ကိစ္စဖြစ်တာကို သတိ

ချပ်ထားပါလျှင် ဝေါဟာရ စုရတာ မခက်ပါဘူး။ နေ့တိုင်းပြော နေ့တိုင်းကြားနေရတဲ့ စကားဝေါဟာရ တွေဟာ အဘိဓာန်အတွက်ချည်းပဲမှတ်တော်မူကြပါ။ ဒီလို အရပ်ရပ်က ပို့တဲ့ စကားဝေါဟာရများကို တခုနှင့် တခုနှိုင်းယှဉ်နှိုင်းနှောပြီးခါမှ အနက်ကိုလည်း ဆုံးဖြတ်ရပါမယ်။ စကားလုံးပေါင်း ရပ်ပင့် သတ်ပုံကိုလည်းဆုံးဖြတ်ရပါမယ်။ ပယ်သင့်တာကိုလည်း ပယ်ရပါမယ်။ ထပ်မံရှာဖွေသင့်တာကိုလည်း ထပ်မံရှာဖွေရပါမယ်။ ရဟန်းပညာရှိ လူပညာရှိကြီးများထံမှာ ချဉ်းကပ်ပြီး မေးသင့် မြန်းသင့်တာတွေကိုလည်း မေးမြန်း ရပါမယ်။ မြန်မာစကားကလဲ “ဆန်ကုန်မြေညှာ၊ မြန်မာသာစကား၊ အရာမကများမောလှ၏။” ဆိုတဲ့စိန္တကျော်သူ ဦးဩရဲ့စကားအတိုင်း ကာလက္ခေဋ္ဌာနက္ခဲအားဖြင့် ဝေါဟာရအများအပြားရှိပါတယ်။ ဒါကြောင့်ကြားသမျှကိုစုကြပါ။ စုသမျှကို ပို့ကြပါလို့ တိုက်တွန်းပါတယ်။

(ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဟောပြောချက်။)

စိန်ပန်းမြိုင်စာပေတိုက်

https://www.facebook.com/photo/?fbid=556233769866842&set=pcb.556233999866819

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ