အမှားတွေ၊ အလွဲတွေ၊ အဆီအငေါ်မတည့်တာတွေကို ထောက်တိုင်းလိုလိုမှာ အမှား၊ အလွဲနဲ့ အဆီအငေါ်မတည့်သူတွေဘက်ကနေ အခမဲ့ရှေ့နေလိုက်သူတွေလည်း ပေါ်လာစမြဲ။
နဖူးမှာ ချိုပါလည်း မပူနဲ့။
(၂)
မေးလာမျှ ရောဂါတွေအကြောင်း၊ ဆေးတွေအကြောင်း၊ ကုသနည်းတွေအကြောင်း တတ်နိုင်သလောက် အသေးစိတ် တင်ပြပါတယ်။ ဆေးပညာမေးခွန်းတွေကို ဖြေနေတာ ၁၀ နှစ်ကျော်ပြီ။ ရေးစက အပြစ်တင်ကြတယ်။ အဲလိုရေးခြင်းဟာ ရမ်းကုတွေကို အားပေးရာကျသတဲ့။ မဟုတ်ပါ။ ခုခေတ်က ဟိုရှေးကလို မဟုတ်တော့ပါ။ ဘာသိချင်သိချင် အွန်လိုင်းမှာ ရှိနေပြီ။
သကြားမင်း ဖန်ဆင်းတဲ့နွား ချိုတိုတဲ့။ သူတို့ပြောလို့ မရေးဘဲမနေပါ။
ဆေးတွေထဲမှာ စွဲစေတဲ့ မူးယစ်ဆေးတွေလည်းပါတယ်။ ဆေးစွဲသူတွေကို လမ်းပြရာကျသတဲ့။
မဟုတ်ပါ။ ဆေးသမားတွေနောက်ကနေ ဆရာဝန်တွေ ရဲတွေက လိုက်ကြရတယ်။
သကြားမင်း ဖန်ဆင်းတဲ့နွား ချိုရှည်သတဲ့။ သူတို့ပြောလို့ မရေးဘဲမနေပါ။
အခု မြန်မာစာအကြောင်းရေးတော့ အပြစ်အမျိုးမျိုးတင်ကြပြန်ရော။ စာကိုမှန်အောင်မရေးချင်၊ မရေးတတ်သူတွေက။
သကြားမင်း ဖန်ဆင်းတဲ့နွား ချို(ဂျို) ကားသတဲ့။ သူတို့ပြောလို့ မရေးဘဲမနေပါ။
AI ပေါ်လာပြန်ပြီ။ အနော်ရထာလို့ ရှာရင် နေပြည်တော်က အရုပ်ကြီးတခုလို့ ဖြေမလား မသိ။
နွားတကောင်မှာ ၂ ချောင်းတည်းပါလို့ ချို(ဂျို) နည်းတယ်လို့ ပြောကြဦးမယ်။ ကျွဲတွေမှာလည်း ၂ ချောင်း။
‘ကျွဲ’ ကို ‘ဤ’ လို့ဖတ်သူတွေက ပြောကြပါမည်။ ‘ဤ’ ကို ‘ကျွဲ’ ဖတ်တဲ့ခေတ်တော့ ကုန်ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment