(ဘဲ သည် ပဲ မဟုတ်)
တီတာတာ
ကညာ မေဘုတ်က
ရွှေနှုတ်ချို သွေး။
ကျူရိုးရှင် ပီပီနွဲ့
လွမ်းမယ်ဘွဲ့ တေး။ ။
ပဒေသာ
ထေရ်ဝါ ရည်စူးလို့
လှေဦးမှာ လေး။
ကျူရိုးရှင် ပီပီနှော
စည်ဗြောသံ တေး။ ။
သောင်အခြေ
ခေါင်ရေ လေမြူးတော့
ရေရူးတွေ ဖွေး။
ကျူရိုးရှင် ပီပီဟိန်း
ဗိန်းဗောင်းသံ တေး။ ။
အကောင်သေ
တောင်လေ ရေတက်တော့
ရေယက်နဲ့ ထွေး။
ကျူရိုးရှင် ပီပီညှင်း
ငိုချင်းသံ တေး။ ။
တက် မကူ
ရွက်ဖြူ ပူဖောင်းနဲ့
လှေလောင်းကိုယ် လေး။
ကျူရိုးရှင် ပီပီပျိုး
ဘွဲ့ကြိုးသံ တေး။ ။
ပြူ့ တပြူ
မြေငူ ဓနိကျွန်း
သောင်ထွန်းပြီ လေး။
ကျူရိုးရှင် ပီပီနော့
သားချော့သံ တေး။ ။
တေးမျိုးရယ်စုံ
ကုန်နိုင်ပါ လေဘဲ။
မဗေဒါ စုန်ဆန်မြဲ
တေးစုံနဲ့ဘဲ။ ။ (ဇော်ဂျီ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment