နေရောင်ခြည်ထိုး၊ လုပ်ငန်းပျိုးခိုက်
မိုးတိုး မတ်တတ်၊ သူလာရပ်၍
စပ်မိ စပ်ရာ၊ ပြောပြီးခါလျှင်
လာရာ ဝင်းဝ၊ နေခြည်လှသို့
နှုတ်မျှ မဆက်၊ သူခွာထွက်ခဲ့။ ။
အလုပ်ပါးမှ၊ သတိရလျက်
ရွာမ ရှေ့နောက်၊ ရွာတောင်မြောက်ကို
အိမ်ပေါက် အစေ့၊ ထွက်ဝင်၍လျှင်
တွေ့လို တွေ့ငြား၊ ငါရှာသွားသည်
ကြိုကြား မကြွင်း၊ ရောက်တုံလျှင်းခဲ့။ ။
ထန်းဖျားသာသာ၊ ဈေးစည်ခါမို့
တွေ့ပါလိမ့်နိုး၊ မျှော်ခေါ်ကိုးလျက်
တိုးကာ ဝှေ့ကာ၊ လှည့်လည်ရှာလည်း
ဈေးသာ ကွဲ၍၊ ရှာ မတွေ့ခဲ့။ ။
လှည်းဆိပ် လှေဆိပ်၊ ပြည်ညောင်ရိပ်နှင့်
ရွာထိပ် နတ်စင်၊ ရေအိုးစင်က
ရွာဝင် တံခါး၊ မုံ့ဖိုများလည်း
တပါး မလပ်၊ ခြေရာထပ်ခဲ့။ ။
မြင်ယောင်လျက်သာ၊ သူမျက်နှာတည့်
ကြားပါလျက်ပင်၊ သူသံလွင်တည့်
သို့လျှင် တစေ၊ ငါရှာဖွေလည်း
အမွေ အစ၊ မတွေ့ရပဲ
ချမ်းမြနေခြည်၊ နောက်သို့လည်ခဲ့။ ။
မိုးသောက်ထလျှင်၊ လုပ်ငန်းခွင်၌
ငါလျင် စူးစိုက်၊ လုပ်ဆောင်ခိုက်ကို
စိုက်စိုက် ဝင်ကာ၊ ရောက်ပြန်လာ၍
ထွေရာ လေးပါး၊ သူပြောကြားလျက်
ထွက်သွားပြန်သည်၊ ဝင်း နေခြည်သို့။ ။
သူ၏ သဘော၊ သူ့အကြောကို
သိသော ခုခါ၊ အိမ်ဦးမှာ၌
ကွမ်းယာ အသင့်၊ ဖျာအသင့်နှင့်
စောင့်လင့် ကြိုတင်၊ ငါပြင်ဆင်သည်
လာလျှင် သွားပြန်၊ ဦးတော့မည်
နေခြည်ထဲက ကိုဧည့်သည်။ ။
သွားလျှင် လာပြန်လိမ့်ဦးမည်
နေခြည်ထဲက ကိုဧည့်သည်။ ။ (မင်းသုဝဏ်)
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment