စာဆိုတော် မယ်ခွေကား၊ ရတနာ သိမ်ခြံနွယ် စစ်ကိုင်းဝန်၏သမီး၊ အမွေဝန်ဟောင်း မောင်စွက်၏ ဇနီး ပေတည်း။ ၁၁၄၃-ခုနှစ်တွင် နန်းတက်သောဘိုးတော်ဘုရား လက်ထက်တွင် နန်းတွင်း၌ ခစားထမ်းရွက်၍ ထင်ရှားသောအမျိုးသမီးစာဆိုတော်ကြီးဖြစ်သည်။
ဆယ်နှစ်ရာသီ ဘွဲ့ချင်းနှင့် ရှစ်ဆယ်ပေါ် ဘွဲ့ချင်းများ၊ တျာချင်းများ၊ ငိုချင်းများ၊ လေးဆစ်များ၊ ရတုများကို ရေးသားခဲ့သည်။ နွဲ့ပျောင်းယဉ်ကျေးသော စကားလုံးများကိုသုံးလေ့ ရှိသည်။ အထူးသဖြင့်ဘွဲ့ချင်းနှင့် ငိုချင်းများထဲတွင်သာ၍သုံးသည်။ ရှုမြော်ခင်းတို့တွင် အလေးတမူ အရေးယူလျက် အတွေးနယ်ချဲ့၏။ သူ့စာသားမှာလည်း ပြေပြစ်နွန်းဆန်လှသည်။ ငိုချင်းများကိုရေးရာ၌ ဘတ်သူ၏ စိတ်နှလုံးကိုသိမ်းကျုံးယှဉ်ငင်သိရှိရှိလှသည်။ စာဆိုတော် မယ်ခွေ၏ ငိုချင်းမှာ မြန်မာစာပေတွင်အကောင်းဆုံး ငိုချင်းဟုဆိုအပ်သော တောင်တွင်း ဆရာကြီး၏ “ရုံ့ နဲ့ သာမြိုင်ရှာ ပုံတော်ကြီး” ထက် နှစ်ပေါင်းများစွာ ဦးသောကြောင့် “ငိုချင်းများမွေးမေရှင်မယ်ခွေ” ပေလောဟု တွေးတောဘွယ်ဖြစ်တော့သည်။ ၁၂-ရာသီဘွဲ့ချင်းများကို စည်းဝါးကိုက်ညီစွာ ကျကျနနစီကုံးထားသဖြင့်၊ သီချင်းဂီတ၊ တူရိယာအရာတွင်လည်းသိကျွမ်းနားလည်ကြောင်းထင်ရှား၏။ အလွမ်းအဆွေးဘက်တွင် အထူးဝါသနာမယ်ခွေ
ထုံ၏။ သို့ကြောင့်လည်း လွမ်းဘွယ်၊ ဆွေးဘွယ်၊ တွေးဘွယ်၊ ငေးဘွယ်တို့ကို များသောအားဖြင့်စိကုံးနှွန်းဖွဲ့၏။ ဗေဒင်နက္ခတ်အတတ်ကိုလည်း အတန်ခေတ်မိ သေး၏။ နန်းတော်ထဲတွင်စာဝတ်စာထမ်းရွက်ရသဖြင့်လည်းထီးမူနန်းရာ အဖြာဖြာတို့တွင် ကျွမ်းကျင်လိမ္မာ၏။
အောက်ပါကဗျာများမှာ “ဆေးတံ” နှင့် “ဆေးလိပ်” အသီးသီးကိုစွဲဆိုထားသောနွဲ့ချည်းနှင့်လေးချည်းဖြစ်သည်။ “ဆေးတံသီချင်း” ကိုထောက်လျှင် စာဆိုသူတွင် ခဲရာခဲဆစ်ကို ရုတ်တရက် ဖြေရှင်း နိုင်သော ပရိ ယာယ် မာယာနှင့်တကွလျင်မြန်သောဉာဏ်ရှိကြောင်းသိသာ၏။ “ဆေးလိပ်ဘွဲ့လေးချည်း” ကိုထောက်သော်ကား ချစ်သူတို့ ဆေးလိပ်လက်ဆောင်ကို မည်မျှ ဉာဏ်ကူ၍ အားထုတ် ပြုမူရကြောင်း ရှင်းရှင်းနှင့် ဘွင်းဘွင်း စီကုံး ထား ၏။ ဘယ်ရွေ့ ဘယ်မျှ ချစ်လှပါသည်ဟု ဥပမာ ဥပမေယျ စသည်တို့ဖြင့်၎င်း၊ တီတီတာတာ အပလီအရာတို့ဖြင့်၎င်း၊ တန်ဆာဆင်ကာ အပီမနွဲ့တော့ဘဲ၊ အမှု အရာ အားဖြင့်သာ ချစ်ဒီပိတ်နှင့် ချစ်ရိပ်ကို ပြဆို ထားပေရာ၊ “တကယ် အချစ်” ကို တမျိုးထင်ရှား လေးနက် စေ၏။ ရိုးရိုးနှင့်အလွန်ယဉ်သော အဖွဲ့ကလေးပင်တည်း။
(က) ဆေးတံတို
ဆေးတံတိုတညှိုလောက်၊ ရော့သောက်တော့ပေး။။ ။
မယူလိုက်ကမိုက်လို့ထင်၊ ယူလိုက်ပြန်ကကြိုက်လို့ထင်၊ သောက်စေချင်၊ ကုတင်တွင် ထောင်ခဲ့စို့၊ ညိုနွဲ့ ရဲ့လေး။ ။
(ခ) ဆေးလိပ်လက်ဆောင်
မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို။ ။
မီးမကူ၊ နေပူမှာမကင်အားလို့၊ ထားရတယ်အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ ။
ညာအနာ၊ ရှေ့ သွားနှင့်ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။ ။
ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊ ငယ်ချစ်မောင်ရွှေဝသွားကို၊ ပါး လိုက် ကဲ့ လေး။ ။
ကျေးဇူး။
၁။ တညှိုလောက် သည် တစ်ညှိုလောက် မဟုတ်ပါ။
၂။ တပင်ရစ်ကယ်နှင့် သည် တစ်ပင်ရစ်ကယ်နှင့် မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment