မေးခွန်းတခု = "စီးနေကျအိမ်က ဆိုင်ကယ်" လား၊ "အိမ်က စီးနေကျ ဆိုင်ကယ်" လားဗျ၊ အထားအသိုမှားနေသလိုပဲနော်။ ရှင်းပြပေးပါဦး။
ထောက်ပြသင့်တဲ့ အချက်အလက် ဖြစ်ပါတယ်။
ကာတွန်းပါစာအတိုင်းဆိုရင် အိမ်ကိုစီးသလို ထင်စေနိုင်တယ်။
ညက စကားစုကိုလည်း ညကပါသွားတယ် လို့ရေးမှသာ မှန်တယ်။
ဥပမာ
ညတုန်းကတွေ့ရတဲ့ ကောင်မလေးတယောက်ပျောက်သွားလို့လိုက်ရှာနေတယ်
ဒီသီချင်းမှာ ပျောက်သွားတဲ့ကောင်မလေးကို ညတုန်းကမှသာ တွေ့ဘူးတာ။ တွေ့မြင်နေကျ မဟုတ်။
ကာတွန်းပါစာအတိုင်းဆို ညက (ညတုန်းက၊ ညညမှာ) သာ စီးသလို ထင်စေနိုင်ပြန်ရော။
စာနဲ့ရေးတဲ့အခါ စကားပြောသလို၊ သီချင်းဆိုသလို -
လေယူလေသိမ်း၊
အသံအနိမ့်အမြင့်၊
စကားစု အဖြတ်အတောက်၊
အတိုအရှည် ထည့်ရေးလို့မရတဲ့အတွက်
စာရေးတာက
သဒ္ဒါနည်းမကျ၊ ပန်ကျူယေးရှင်း ခေါ် ယတိဘေဒ ခေါ် ခြာတာ၊ ကွာတာ၊ ပုဒ်ထီးပုဒ်မ ထည့်တာတွေ စနစ်မကျရင် ဖတ်တဲ့သူတွေကို သို့လောသို့လော ဖြစ်စေနိုင်တယ်။
အရေးအသားမှာသာမကပါ စကားပြောသူ၊ သတင်းဖတ်သူ၊ အသံစာအုပ်ဖတ်သူတွေကလည်း
အသံထွက်၊
လေယူလေသိမ်၊
အသံအနိမ့်အမြင့်၊
အလေးအပင်၊
စကားစု အဖြတ်အတောက် စတာတွေ လိုအပ်တယ်။
ဒီလိုပညာကို အတွေ့အကြုံရင့်ကျက်သူတွေကနေ လက်ဆင့်ကမ်း သင်ကြားပေးကြရတယ်။
လွယ်လွယ်ကူကူနဲ့တော့ ပညာမယူနိုင်ကြပါ။
အသံလွှင့်ဌာန၊ ရုပ်မြင်သံကြားတွေမှာ အရည်အချင်းအမျိုးမျိုးရှိသူတွေကို တွေ့မြင် နားဆင်နိုင်ကြပါတယ်။
သတင်းနားထောင်နေတာ အသံလွှင့်သူ ဝတ်တာဆင်တာကိုသာ ကြည့်သူတွေရှိတယ်။
ဘယ်သူ့သား ဘယ်သူ့သမီးကိုသာ ကြည့်သူတွေရှိတယ်။
မြန်မာစာနဲ့ စကား၊ အရေးအသားနဲ့ အပြောအဆိုကို လွယ်လွယ်လေး ပေါ့ပေါ့လေး ထင်မှတ်နေသူတွေ၊ လုပ်နေကြသူတွေက များတယ်။
မိုးကျရွှေကိုယ်ခေတ်က ခေတ်တိုင်းမှာရှိတယ်။
ပရိသတ်ညံ့တာကလည်း ခေတ်တိုင်း။
တိုးတက်ရင် အုပ်စုံ၊ ကျဆင်းရင် တမြုံ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment