"ဖျာလိပ်ခွေးမောင်း" ဆိုသည့် စကားပုံ (သို့မဟုတ်) အသုံးအနှုန်းသည် မြန်မာ့ရိုးရာ လူမှုဝန်းကျင်သုံး စကားထာ၊ ဥပမာတခု ဖြစ်ပြီး „အချည်းနှီး ဖြစ်သွားခြင်း“၊ "ဘာမှ အဖတ်မတင်ဘဲ ဆုံးရှုံးသွားခြင်း“ သို့မဟုတ် "အသုံးမဝင်တော့ဘဲ လက်ဗလာ ဖြစ်ကျန်ရစ်ခြင်း" ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ရှေးယခင်က အိမ်ထဲသို့ ခွေးစိမ်း (သို့မဟုတ်) ခွေးလေခွေးလွင့်တကောင် ဝင်လာသည့်အခါ နှင်ထုတ်ရန်အတွက် လက်နီးစပ်ရာ ဖျာလိပ်ကို ကောက်ကိုင်ပြီး ခွေးကို လှမ်းရိုက်၊ လှမ်းမောင်းလေ့ ရှိကြပါသည်။
ထိုသို့ မောင်းနှင်သည့်အခါ -
ခွေးကလည်း ပြေးသွားသည်။
ခွေးကို ရိုက်နှက်မောင်းထုတ်လိုက်သည့် ဖျာလိပ်သည်လည်း ခွေးအညစ်အကြေးများ ပေကျံသွားခြင်း သို့မဟုတ် စုတ်ပြဲပျက်စီးသွားခြင်းကြောင့် ပြန်သုံး၍ မရတော့ဘဲ လွှင့်ပစ်လိုက်ရတတ်သည်။
နှစ်ဦးနှစ်ဖက်လုံး ဆုံးရှုံးခြင်း တင်စားချက် -
ရန်ဖြစ်ကြရာတွင် ဖြစ်စေ၊ ပြဿနာတခုကို ဖြေရှင်းရာတွင် ဖြစ်စေ တဖက်လူ (ခွေး) ကို နှိမ်နင်း အောင်နိုင်လိုက်သော်လည်း မိမိဘက်က အသုံးချလိုက်ရသည့် အရာ (ဖျာလိပ်) မှာလည်း ပျက်စီးဆုံးရှုံးသွားရသဖြင့် အဆုံးတွင် ဘာမှ အကျိုးအမြတ် မကျန်တော့သည့် အခြေအနေမျိုးကို ဆိုလိုသည်။
အလုပ်တခုကို လုပ်ဆောင်ရာတွင် အပင်ပန်းခံ၊ အကုန်အကျခံပြီး လိုက်လံ ဖြေရှင်းလိုက်ရသော်လည်း နောက်ဆုံး၌ အရာအားလုံး ဖျက်ဆီးခံရသကဲ့သို့ ဖြစ်ပြီး လက်ဗလာဖြင့်သာ အဆုံးသတ်သွားရသည့် အဖြစ်မျိုး ဖြစ်ပါသည်။
"ခွေးမြီးကောက် ကျည်တောက်စွပ်"
ခွေး၏ အမြီးသည် သဘာဝအတိုင်း ကောက်နေတတ်သဖြင့် ၎င်းကို ဖြောင့်စင်းသွားစေရန် ဝါးကျည်တောက်ထဲသို့ မည်မျှပင် အချိန်ကြာမြင့်စွာ စွပ်ထားပတ်ထားစေကာမူ ကျည်တောက်ကို ချွတ်လိုက်သည့်အခါ မူလအတိုင်း ပြန်ကောက်သွားမြဲ ဖြစ်သည်။ ထို့အတူပင် လူတယောက်၏ မွေးရာပါ စရိုက်ဆိုး၊ ဗီဇဆိုး သို့မဟုတ် အကျင့်ဟောင်းများကို မည်မျှပင် ပြုပြင်ပေးပါစေ၊ သွန်သင်ဆုံးမပါစေ မူလဗီဇအတိုင်း ပြန်ဖြစ်သွားတတ်သည်ကို တင်စားခြင်း ဖြစ်ပါသည်။
"လူမလေး ခွေးမခန့်"
မိမိ၏ အပြောအဆို၊ အပြုအမူ သို့မဟုတ် ကိုယ်ကျင့်တရား ညံ့ဖျင်းမှုကြောင့် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကင်းမဲ့မှုကြောင့် ဖြစ်စေ ပတ်ဝန်းကျင်ရှိ လူတကာ၏ အလေးအမြတ်ပြုခြင်းကို မခံရရုံမျှမက တိရစ္ဆာန်ဖြစ်သော ခွေးကပင် အဖတ်မလုပ်၊ မခန့်လေးစား ပြုမူခြင်း ခံရလောက်အောင် အောက်တန်းကျကျ အထင်သေး နှိမ်ချခြင်း ခံရသည့် အခြေအနေမျိုးကို ဆိုလိုပါသည်။
အလားတူ "ခွေး“ နာမ်ပုဒ် ပါဝင်ပြီး လူ့သဘာဝကို လှောင်ပြောင် သရော်ထားသည့် အခြား ထင်ရှားသော စကားပုံအချို့လည်း ရှိပါသေးသည် -
"ခွေးရူး ကောင်းကင်ဟောင်"
အတတ်ပညာ သို့မဟုတ် အင်အား မရှိဘဲနှင့် အထက်လူကြီးများ သို့မဟုတ် မိမိထက် အဆင်မြင့်သူများကို အဝေးကနေ အချည်းနှီး လိုက်လံပုတ်ခတ် ပြောဆိုနေသူကို တင်စားသည်။
"ခွေးမြီးပုတ် ကောက်တောင်ကောက်သေး၊ လင်ကောင်ပိုး မကောက်နိုင်"
ခွေးမြီးကောက်ထက်ပင် ပြုပြင်ရ ခက်ခဲလွန်းသည့် လူ့ဗီဇခက်ထန်ပုံ၊ ခေါင်းမာပုံကို ပိုမိုရင့်သီးစွာ ဖော်ညွှန်းသည့် စကားပုံ ဖြစ်ပါသည်။
"ခွေးဟောင်လို့ တောင်ရွေ့မလဲ"
မှန်ကန် တည်ကြည်သည့် လမ်းစဉ် သို့မဟုတ် ခိုင်မာသည့် အမှန်တရားသည် ဘေးပတ်ဝန်းကျင်က မည်မျှပင် အဓိပ္ပာယ်မဲ့ နှောင့်ယှက် ပုတ်ခတ် ပြောဆိုနေပါစေ တုန်လှုပ်သွားခြင်း မရှိကြောင်း ဆိုလိုပါသည်။
"ခွေးရူးကောင်းစား တမွန်းတည့်"
လူမိုက်များ၊ မတရားသောနည်းဖြင့် အာဏာ သို့မဟုတ် စည်းစိမ်ဒြပ် ရရှိလာသူများ သို့မဟုတ် အကျင့်စာရိတ္တ ပျက်ပြားသူများသည် ၎င်းတို့၏ ဘုန်းကံ၊ အရှိန်အဝါ သို့မဟုတ် အခွင့်အရေး ကြောင့် ခေတ္တခဏ ကောင်းစား ကြီးပွားနေနိုင်သော်လည်း ထိုကောင်းစားခြင်းသည် မွန်းတည့်ချိန် (နေ့လယ် ၁၂ နာရီ) ကဲ့သို့ ခဏတာမျှသာ ဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာပင် ပြန်လည် ဆုတ်ယုတ် ပျက်စီးသွားတတ်ခြင်းကို ဆိုလိုသည်။
"ခွေးဟောင်တိုင်း ထမကြည့်နဲ့"
ဘေးလူတို့၏ စွက်ဖက်ဝေဖန်မှုများနှင့် အရေးမပါသော နှောင့်ယှက်မှုများ ကြုံရတိုင်း စိတ်မလှုပ်ရှားပါနှင့်၊ လိုက်လံတုံ့ပြန်ပြီး အချိန်မကုန်ပါစေနှင့်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ကောက်ချက်
ယခုခေတ် မြန်မာလိုစာရေးသူ အတော်များများသည် ပါပီ ခေါ် ခွေးမွေးထားကြသည်။ စားပြီးပါပီ တဲ့။ ရပါပီရှင့် တဲ့။
သူတို့သည် ပါပီကို ရိုသေကိုင်းရှိုင်းကြသူများဖြစ်မည်။
ပ စာလုံးကို ရရစ်မပါဘဲရေးနေကြတာ တမွန်းတည့် ကျော်လာပြီ။ သို့သော် သူတို့ရေးတာကို နားမလည်လို့ ထထကြည့်နေရသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment