အဋ္ဌမတန်းသမိုင်းစာအုပ်ထဲက စာမျက်နှာတခုကို တွေ့တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်ခေတ်ကို အမွှမ်းတင်ထားတယ်။ လက်ဝဲအင်အားစုတွေထဲက အလံနီကို ဖေးမပြီး၊ ဗကပကို အရင်းရှင်နဲ့ ပေးစားထားတာ တွေ့ရတယ်။
အမှန်က အဲလိုဖြစ်ခဲ့တာ မဟုတ်ပါ။ မဆလကို လူထုထောက်ခံမှုများလာတယ်လို့ ချီးမွမ်းထားတယ်။ အချက်တခုက ၁၅ ရက်တကြိမ် ဂျာနယ်နိုင်ထုတ်လို့တဲ့။
ကျွန်တော် မြန်မာ့ဆိုရှယ်လစ်ခေတ်ကို ကောင်းကောင်းမီတယ်။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလို့ ကျွန်တော်က ၁၄ နှစ်သား။ အတော်အတန် သိတတ်နေပါပြီ။ ၁၉၈၈ မှာ အဲဒီပါတီကို လူထုအားနဲ့ဖြုတ်ချတော့ ကျွန်တော်အသက် ၄ဝ တိတိ။ အကောင်းအဆိုးကို ကောင်းကောင်းကြီး သိပြီ။
အဋ္ဌမတန်းသမိုင်းစာအုပ်ထဲက ပုံထဲပါအချက်အလက်တွေဟာ ဘက်လိုက်ပြီးရေးထားတာဖြစ်တယ်။ သမိုင်းရေးနည်း မဟုတ်ပါ။ ကျောင်းပြဋ္ဌာန်းစာအုပ်ဆိုတာ အလွန်မတန်သတိကြီးကြီးနဲ့ သမာသမတ်ကျကျသာ ရေးသင့်တယ်။ ဗိုလ်ချုပ်နေဝင်းခေတ်ကို ဒိထက် ဓမ္မဓိဋ္ဌာန်ကျအောင်ရေးလို့ရပါတယ်။
အစိုးရအတော်များများဟာ အလိုကျတဲ့သမိုင်းမျိုးကို ရေးခိုင်းပြီး၊ ကျောင်းသုံးအဖြစ်လည်း ပြဋ္ဌာန်းတတ်ကြတယ်။
ဒီသမိုင်းကိုတော့ သဘောမတူနိုင်ပါ။
ဒါပေမဲ့ ဒီလိုသမိုင်းကိုသင်ယူပြီး ပါရဂူဘွဲရထားသူတွေ ဒုနဲ့ဒေး များနေပြီ။ သူတို့က နားဝင်ကြမှာ မဟုတ်။ အမှန်ကို သိမြင်ကြမှာမဟုတ်။
သမိုင်းလည်း မမှန်။ မြန်မာလည်း မမှန်တော့ပါ။
အခုခေတ် မြန်မာနိုင်ငံဟာ အဲလိုရေခံမြေခံဆိုးကနေ ဖြစ်လာတာ။
ဒေါက်တာတင့်ဆွေ
၁-၆-၂၀၁၇

Comments
Post a Comment